top of page
Search
myanmarehs

Corporate Social Responsibility (CSR) ၏ အရေးပါမှု

EHS Myanmar | 19.12.2022


Corporate Social Responsibility (CSR) ဆိုသည်မှာ ကုမ္ပဏီများအနေဖြင့် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်သည့်အခါ မိမိတို့၏အကျိုးစီးပွားတစ်ခုတည်းကိုသာမက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာကိုပါ ထည့်သွင်းစဉ်းစားပြီး အလေးထားဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သည့် ရာစုနှစ်များကတည်းက စတင်တွင်ကျယ်လာခဲ့သော CSR သည် ယခုအခါ စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ်လိုက်နာကျင့်သုံးသင့်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာသည်။


CSR သည် အလွန်ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ယေဘုယျအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု၊ ကျင့်ဝတ်ဆိုင်ရာ တာဝန်သိမှု၊ လူမှုရေးဆိုင်ရာ တာဝန်သိမှု၊ စီးပွားရေးဆိုင်ရာ တာဝန်သိမှု စသဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားနိုင်သည်။


သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ လည်ပတ်ရာတွင် ဘေးထွက်ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျှော့ချပြီး ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော လုပ်ဆောင်ချက်များ ပြုမူခြင်းကို ဆိုလိုသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုသည် CSR လုပ်ငန်းစဉ်တွင် အချက်အချာကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ တစ်ခါသုံးပလပ်စတစ်အသုံးပြုမှုအားလျှော့ချခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုလျော့နည်းအောင်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်အတွင်း ရေဆိုးနှင့် ညစ်ညမ်းပစ္စည်းများ စွန့်ပစ်မှုကို သေချာစွာစီစစ်ခြင်းအပြင် မိမိတို့လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု CSR ကို ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြေက်ထုတ်လုပ်သော ရသာချိုကုမ္ပဏီသည် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများ လျှော့ချရန် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ လေထုအတွင်း ဖုန်မှုန့်ထွက်ရှိခြင်းနှင့် လေညစ်ညမ်းမှုအား ထိန်းချုပ်ရန် စပါးခွံသုံးရေနွေးငွေ့စက် (Husk-fired boiler) ကို အသုံးပြုခြင်း၊ အစားအသောက်များလုံခြုံစိတ်ချမှုရှိစေရန် အဏုဇီဝဓာတ်ခွဲခန်းများထားရှိခြင်း၊ Plasma Clean Odor Management System ကို အသုံးပြုကာ လေထုအတွင်းဆီညှော်နံ့များ ဖယ်ရှားခြင်းနှင့်အတူ ပတ်ဝန်းကျင်အတွင်း ရေဆိုးရေညစ်များစုပုံလာခြင်းကို တားဆီးရန်အတွက် Waste Water Treatment System ကို အသုံးပြုလျက်ရှိသည်။


ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုရှိသော လုပ်ငန်းများသည် တရားမျှတမှုနှင့်လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလိုက်နာသောကြောင့် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင် အလွန်အရေးပါလှသည်။ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း၊ အလုပ်သမားများအတွက် ကျန်းမာရေးနှင့် လုံခြုံမှု ရရှိစေခြင်း၊ အခွင့်အရေးတန်းတူထားရှိပေးခြင်း၊ ကလေးလုပ်သားနှင့် အဓမ္မစေခိုင်းမှုကို ဆန့်ကျင်ခြင်းတို့သည် ကျင့်ဝတ်ဆိုင်ရာတာဝန်သိမှု၏ အခြေခံအကြောင်းအရာများဖြစ်သည်။ UK နိုင်ငံအခြေစိုက် ကမ္ဘာကျော် Lush cosmetics company သည် တိရစ္ဆာန်များနှင့် စမ်းသပ်မှုပြုလုပ်ခြင်းအား ဆန့်ကျင်ရာတွင် အင်တိုက်အားတိုက်ဦးဆောင်ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့အပြင် ယင်းကုမ္ပဏီသည် တရားမျှတ၍ဖြောင့်မတ်သော စီးပွားရေးတစ်ခုအဖြစ်လည်း ဖော်ဆောင်လျက်ရှိသည်။ ကုန်ပစ္စည်းတင်သွင်းသူများအား ကလေးလုပ်သားခိုင်းစေခြင်း မပြုလုပ်ရန် အပြင်းအထန်တောင်းဆိုပြီး ကလေးလုပ်သားများ ရှိနေပါက ၎င်းကလေးငယ်များအား လေ့ကျင့်ရေးသင်တန်းများပြန်လည်ပို့ချကာ ပညာသင်ယူရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးသည်။ ငွေကြေးအကျိုးအမြတ်ထက် ကျင့်ဝတ်ပိုင်းဆိုင်ရာအား ပိုမိုအလေးပေးကာ လူထုအကျိုးပြုလုပ်ငန်းများအတွက်လည်း ငွေကြေးထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်လျက်ရှိသည်။


လူမှုရေးဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ ငွေကြေးလှူဒါန်းမှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဒေသခံတို့၏ လူမှုဘဝဖူလုံရေးနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်လာစေရန် လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်းနှင့် ကူညီထောက်ပံ့ပေးမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။ 2019 ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ Non-profit Organization များသို့ စုစုပေါင်း $26 billion လှူဒါန်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအထဲမှ 28% မှာ ပညာရေးအစီအစဉ်များသို့ ရောက်ရှိသွားပြီး 25% မှာ ကျန်းမာရေးနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် 16% မှာ လူထုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများထံ ရောက်ရှိသွားကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ Sembcorp ဓာတ်အားပေးလုပ်ငန်းသည် စက်ရုံ တည်ဆောက်မှု ကနဦးလုပ်ငန်းများအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များကို သိရှိအောင်ပြုလုပ်ခဲ့သည်။ မြင်းခြံဓာတ်အားပေးစက်ရုံအနီးတွင် နေထိုင်သည့် လူပေါင်း ၁၉,၀၀၀ အတွက် ရေသန့်စက်ရုံ ၁၄ ခု တည်ဆောက်ပြီး ရေသန့်ပေးဝေနိုင်ခဲ့သည်။ မီးသတ်ရန်အတွက် မြေအောက်ရေသိုလှောင်ကန်များ၊ ဖူဆယ်(Futsal) ဘောလုံးကွင်း ၂ ခု၊ လုံခြုံစိတ်ချရသော ကျောင်းအဆောက်အအုံများနှင့် အိမ်သာအစရှိသည့် အခြားလိုအပ်သောအရာများကို ဆောက်လုပ်ပေးခဲ့သည်။ ထိုကဲ့သို့ ဒေသခံများ၏ ရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လူမှုရေးဆိုင်ရာ တာဝန်သိမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။


ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများတွင် အထက်ပါ ကဏ္ဍသုံးခုပြည့်မီလာစေရေးကိုပါ ထည့်သွင်းစဉ်းစားရမည်။ ဤသည်ကို စီးပွားရေးဆိုင်ရာ တာဝန်သိမှုဟုခေါ်သည်။


လက်တွေ့အားဖြင့်ထိရောက်သော CSR သည် သဘာဝပတ်ဝန်းကျင်ကိုသာမက အလုပ်သမားများ၊ သုံးစွဲသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များကိုပါ ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ CSR လုပ်ငန်းစဉ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

၁။ ကုမ္ပဏီ၏ ဂုဏ်သတင်းမြင့်တက်လာပြီး ကုန်ပစ္စည်းအရည်အသွေးအပေါ် သုံးစွဲများ၏ ယုံကြည်မှုကို ရရှိကာ ရောင်းအားတိုးပွားလာခြင်း၊ ၂။ ထုတ်လုပ်ရေးအပိုင်းတွင်လည်း အလေအလွင့်ပျက်စီးမှုများ မဖြစ်အောင် ထိန်းသိမ်းလာနိုင်ပြီး ကုန်ကျစရိတ်များ လျှော့ချလာနိုင်ခြင်း၊ ၃။ ကုမ္ပဏီလုပ်ငန်းရှင်နှင့် အလုပ်သမားများကြား ယုံကြည်မှုပြည့်ဝသောဆက်ဆံရေး ပေါ်ပေါက်လာပြီး စိတ်ချယုံကြည်ရသော လုပ်ငန်းခွင်ဖန်တီးနိုင်ခြင်း၊ ၄။ ရေရှည်ပုံမှန်သုံးစွဲသူများအား ဆက်လက်ထိန်းသိမ်းလာနိုင်ခြင်းဖြင့် ရောင်းသူနှင့် ဝယ်သူကြား အပြန်အလှန်အကျိုးကျေးဇူးများ ဖြစ်ပေါ်လာခြင်း တို့ဖြစ်သည်။

CSR သည် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (sustainable development) နှင့်လည်း ဆက်နွှယ်လျက်ရှိသောကြောင့် အနာဂတ်တွင် CSR သည် စီးပွားရေးလုပ်ငန်းရှင်များ၊ လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေပေမည်။ ထို့အပြင် ရေရှည်တွင်လည်း CSR လုပ်ဆောင်သော ကုမ္ပဏီများမှာ အလားအလာ ပိုမိုကောင်းမွန်ကြောင်း လေ့လာတွေ့ရှိရပါသည်။


Yoon Nandar (EHS Myanmar) မှ ရေးသားသည်။


ကိုးကား - Connecting the Dots by Smart Myanmar, sembcorpmyingyanipp.com, online.hbs.edu -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။




12 views0 comments

Comentarios


bottom of page