top of page
Search
myanmarehs

Forest SoulMate For Nature (သစ်တောဟာ သဘာဝအတွက် အဖော်မွန် )

-----------------------------------------------------------------------------------

EHS Myanmar | 22.2.2023


ကျွန်တော်တို့ လူသားအားလုံးဟာ သစ်တော (Forest) ကို တရင်းတနှီး သိရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သစ်တောဟူသည်မှာ သစ်ပင်၊ ချုံ၊ နွယ်၊ ပိတ်ပေါင်းများ ထူထပ်များပြားစွာ ပေါက်ရောက်သောနေရာ တစ်ခုကိုပင် ဆိုလိုသည်။ ဤ သစ်တောကြီးများသည် သက်ရှိများ (လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ ၊ သစ်ပင်ပန်းမန်များ) အတွက် ကောင်းဆုံးသော အသက်၊ အဖော်မွန်လည်းဖြစ်သည်။ ထို့အပြင်တောတွင်းတိရစ္ဆာန်များ၏ အမှီတဟဲပြုရန် အကောင်းဆုံးသော အသိုက်အမြုံ လည်းဖြစ်သည်။


သစ်တောများသည် လူသားများနေထိုင် အသက်ရှင်နိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

.

၁။ သစ်တောရှိနေခြင်းဖြင့် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ……..


သစ်တောများရှိနေခြင်းကြောင့် သဘာဝရဲ့အလှတရားများ ကိုပိုမို ထင်ဟပ်စေရုံသာမက လူသားများ၏ ကျန်းမာရေး ကိုလည်း အစဉ်တိုးတက်လာစေပါသည်။ သစ်ပင်များကြောင့် စက်ယန္တရားအမျိုးမျိုးနှင့် စက်ရုံအမျိုးမျိုးမှ ထွက်သော လေညစ်လေညမ်းများ( ကာဗွန်ဒိုင်အောက်ဆိုဒ်) ကိုစုပ်ယူ လျော့ချစေသည်။ သစ်တောများသည် လေထု အတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့များ(Greenhouse gases) ကို လျော့ကျအောင်တိုက်ထုတ်ပေးနိုင်စွမ်းလည်းရှိသည်။ သစ်တောများသည် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ(Renewable Energy) ကို ထိန်းသိမ်းထားနိုင်သည်။ သစ်တောကြီးများသည် တံတိုင်းမျာသဖွယ် တည်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်ဆူညံမှုများကိုပါ လျော့ချစေနိုင်သည်။ သားရဲတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန် မျိုးတူ၊မျိုးကွဲ များကိုလည်း ထိန်းသိမ်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။ သစ်ပင်များကြောင့် ပိုင်ဆိုင်မှုတန်ဖိုးများ (Property value) ကိုပါ တိုးတက်လာစေနိုင်သည်။ သစ်ပင်များမှ သန့်ရှင်းလတ်ဆတ် ကောင်းမွန်သော လေကောင်းလေသန့်များကို ထုတ်လွတ်ပေးသည်။ သစ်တောများကြောင့် မြေအောက်ရေများ ကိုကြည်လင်သန့်ရှင်းစေသည်။ သစ်တောများရှိနေခြင်းကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်ပေးနိုင်သည်။


သဘာဝသက်ရှိများ နှင့် သစ်တောကြီးများသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းကာ အမှီသဟဲပြုလျက်ရှိ‌နေပါသည်။

.

၂။ သစ်တောအမျိုးအစားများ……….


ကမ္ဘာပေါ်တွင် သစ်တောအမျိုးအစားများစွာရှိသည်။ ၎င်းတို့ အနက်မှ မြန်မာ့သစ်တောအမျိုးအစားများကို ကောက်နုတ်တင်ပြသွားပါမည်။


ဒီရေတော ( Tidal Forest)

ပင်လယ်သဲခုံတော ( Beach and Dune Forest)

ရွှံ့နွံတော ( Swamp Forest)

အင်တိုင်းတော (Inaing Forest)

မြစ်ကမ်းခြေတောစိမ်း ( Riverine Evergreen)

အထက်ရွက်ပြတ်ရောနှောတောခို ( MUMD)

သန်း၊ ဒဟတ်တော ( Than Dhaf Forest)

တောင်ပေါ်ရွက်မပြတ်တော ( Hill Evergreen Forest)

ရွက်မပြတ်တောစိမ်းကြီး ( Giant Evergreen)

အထက်ရွက်ပြတ်ရောနှောတောခြောက် ( DUMB)

ဆူးတော ( Thorn Forest)

တောင်ပေါ်တောခြောက် ( Dry Hill Forest)

တောစိမ်း (သို့) အရွက်မပြတ်တော ( Typical Evergreen or Evergreen Forest)

ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD)

တောခြောက် ( Dry Forest)

တောင်ပေါ်တောများ ( Hill Forest or Pine Forest)


စသည့် သစ်တောကြီးများသည် မြန်မာနိုင်ငံတွင် ပေါက်ရောက်သော သစ်တောများဖြစ်သည်။ မြန်မာ့သစ်တော၏ ၃၈% မှာ ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD) များဖြစ်ပြီး အကြီးဆုံးသစ်တောဧရိယာမြေ ဖြစ်သည်။ တောင်ပေါ်ရွက်မပြတ်တော ၂၅% ( Hill Evergreen Forest) ၊ တောစိမ်း (သို့) အရွက်မပြတ်တော ၁၆% ( Typical Evergreen or Evergreen Forest)၊ တောခြောက် ၁၀% ( Dry Forest) နှင့် အခြားသစ်တောမြေများ ၅% နှင့် ၄% အသီးသီး ရှိကြသည်။

ဤသစ်တောကြီးများသည် လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် အထောက်အပံ့သာမက အကောင်းဆုံးသော အဖော်မွန် အဖြစ် ဒွန်တွဲရှင်သန်လျက်ရှိသည်။

.

၃။ သစ်တောဟာ သဘာဝအတွက် အဖော်မွန်……….


အကယ်၍ စိမ်းလန်းနေသည့် သစ်တောကြီးများသာ မရှိတော့လျှင် ကျွန်တော်တို့ လူသားများ အတွက်သာမက အခြားသော သက်ရှိသတ္တဝါများ အတွက်ပါ သစ်တောကြီးမှ ပေးအပ်သော ဘေးထွက်ဆိုးကျိုးများကို ကျိန်စာသင့် သကဲ့သို့ ခံစားလာရမည်မှာ အမှန်ပင် ဖြစ်သည်။ နည်းပညာများတိုးတက် ပြောင်းလဲ မြန်ဆန်နေသည့် ယနေ့ခေတ်တွင် သစ်တော၏ ကောင်းကျိုးအကြောင်းတရားများကို ကျွနုပ်တို့အနေဖြင့် တစ်ခါတစ်ရံ အမှုမဲ့ အမှတ်မဲ့ သတိမမူ ဂူမမြင်ဘဲ ရှိနေတတ်ကြသည်။ သစ်တော အရင်းအမြစ်များ ပျောက်ဆုံးနေခြင်း ကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ကိုပင် အရောင်စွန်းထင်းနေပြီ ဖြစ်သည်။ ယခင်နှစ်များစွာက ဆောင်းခိုငှက်များသည် ဆောင်းတွင်းဝင်လာသည်နှင့်တစ်ပြိုင်နက် မိမိ ဇာတိမြေကို အုပ်စုဖွဲ့ ကာ တီတီတူး၍ အမိအိမ် ကို ပျံသန်းထွက်ခွာကြသည်။ ယခုနှစ်များတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ် အင်းတော်ကြီးဒေသများတွင် ယခင်နှစ်များထက် ဆောင်းခိုငှက်များ သာမက အခြားငှက်များ နည်းပါးသွားသည်မှာ သိသာထင်ရှားလှသည်။ ဤ အဖြစ်အပျက် ကို နှိုင်းယှဉ်ကြည့် လျှင် စာဖတ်သူ၏ စိတ်ထဲ၌ ပင်စဉ်းစားတွေးတောကာ ရေရွတ်နေမိမည်မှာ အမှန်ပင်။ ဇီဝမျိုးစုံမျိုးကွဲများနှင့်အတူ သစ်ပင်မန်းများရှားပါးသွားခြင်းအဓိက အကြောင်းအရင်းမှာ သစ်တောမြေများ နည်းပါးသွားရခြင်းကြောင့်ပင် ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော် သဘာဝ ထဲမှ သဘာဝများဖြစ်ကြသော ကျွန်ုပ်တို့ လူသားအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် သစ်တော သည် အကောင်းဆုံးသော အဖော်မွန် ပင်ဖြစ်သည်။


မောင်ဆား မှ ပြုစုရေးသားသည်။


ကိုးကား Indawgyi Lake in Myanmar: A bird watcher's paradise, Forest resources and context of Myanmar - Timber Trade Portal.

---------------------------------------------------------------------------

Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/





90 views1 comment

1 Comment


စာအပြည့်အစုံ ရေးတင်ပေးဖို့ တောင်းဆို ချင်ပါတယ်

Like
bottom of page