top of page
Search
myanmarehs

Drivers of Deforestation in Myanmar - မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုကို ဖြစ်စေသော အကြောင်းရင်း

_________________________________________________________________________________________________________


EHS Myanmar | 22.2.23


၂၀၂၀ပြည့်နှစ်၊ ကမ္ဘာ့သစ်တောသယံဇာတ လေ့လာဆန်းစစ်ချက် (FRA 2020) အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် သဘာဝသစ်တောဧရိယာ 40.1Mha ရှိပြီး နိုင်ငံ၏ 61% ခန့်ကို ဖုံးလွှမ်းနေပါသည်။ FRA 2020 အရ သစ်တောဧရိယာ သည် 28.5Mha သာကျန်ရှိပြီး မြန်မာနိုင်ငံဧရိယာ၏ 42.19% ကိုသာ ဖုံးအုပ်ကျန်ရှိပါတော့သည်။ ၁၀စုနှစ်တစ်ခု အတွင်း သစ်တောပြုန်းတီးမှု ပမာဏသည် ထက်ဝက်နီးပါးခန့်များလာသည်မှာ မြန်မာ့သစ်တောများအတွက် စိုးရိမ် ရေမှတ်ကို ရောက်ရှိနေပြီဖြစ်ပါသည်။


• ဆိုးကျိုးများ

သစ်တောများပြုန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူတို့အပေါ်တွင်လည်း များစွာ အကျိုးသက်ရောက်မှုရှိပါသည်။ ပထမဦးစွာ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း တောတောင်များပျက်စီး ပြုန်းတီးမှုကြောင့် ရာသီဥတုတွေဖောက်ပြန် လာသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကမ္ဘာပေါ်တွင် ဒုတိယအဆိုးရွားဆုံးခံစားနေရသော နိုင်ငံဖြစ်ပါသည်။ သစ်တောများအလွန်ပြုန်းတီးမှုကြောင့် ဂေဟစနစ်များ၊ စိုက်ပျိုးရေး၊ အစားအသောက်ဖူလုံရေး၊ ကျန်းမာရေးတို့အပေါ်တွင် များစွာသော ဆိုးကျိုးများ ကျရောက်လာမည် ဖြစ်ပါသည်။


• သစ်တောပြုန်းတီးမှုကိုဖြစ်စေသော အကြောင်းရင်းများ

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများကို လေ့လာကြည့်လျှင် Direct Drivers (တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်း) နှင့် Indirect Drivers (သွယ်ဝှိုက်၍ဖြစ်စေသော အကြောင်းရင်း) ဟု တွေ့ရှိရပါသည်။


Direct Drivers

တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်းများထဲမှ အဓိကအချက်မှာ စိုက်ပျိုးမြေအတွက် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းကြီးများသည် တချိန်က ထူထဲလှသော အမြဲစိမ်းတောများနှင့် ဖုံးအုပ်နေခဲ့ပါသည်။ ထိုတောကြီးသည် လူဦးရေတိုးပွားလာသည်နှင့်အမျှ စားနပ်ရိက္ခာအတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးရသည့် အတွက် သစ်တောပြုန်းတီးမှုများ ပို၍ဖြစ်ပွားခဲ့ရပါသည်။ ၂၀၀၂-၂၀၁၄ ခုနှစ်အတွင်းတွင် စိုက်ပျိုးမြေချဲ့ထွင်မှုကြောင့် သစ်တောဧရိယာများစွာ ပြုန်းတီးခဲ့ရသည်။

သစ်တောများပျက်စီးစေသော နောက်ထပ်အကြောင်းရင်းတစ်ချက်မှာ အလွန်အကျွံ သစ်ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်၊ ထင်း၊လောင်စာနှင့် မီးသွေးတို့ကို တရားမဝင် အလွန်အကျွံ ထုတ်ယူ သုံးစွဲနေကြသောကြောင့် သစ်တောပြုန်းတီးမှုများ လွန်စွာဖြစ်ပေါ်နေပါသည်။ ရေအားလျှပ်စစ် ထုတ်ယူခြင်းကြောင့်လည်း သစ်‌ေတာပြုန်းတီးမှုကို ဖြစ်စေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေအားလျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ရန်အတွက် ဆည်များတည်ဆောက်ရန် လိုအပ်သည်။ ထိုဆည်များတည်ဆောက်ခြင်းသည် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများရှိရာ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိသောကြောင့် သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေနိုင်ပါသည်။


Indirect Drivers

သတ္ထုတူးဖော်ခြင်းသည်လည်း သစ်‌ေတာများပြုန်းတီးစေသော အကြောင်းရင်းများထဲမှ တစ်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ နီလာ၊ ကြေးနီ၊ အဖြိုက်နက်နှင့် ရွှေစသဖြင့် ဘူမိသယံဇာတများ ပေါကြွယ်ဝရာ သတ္ထုတူးဖော်ရေးလုပ်ငန်းသည် နိုင်ငံ၏အရေးပါဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့သော် သတ္ထုတူးဖော်ခြင်းသည် သစ်တောပြုန်းတီးမှု၏ တိုက်ရိုက်မကျသော အကြောင်းရင်း ( Indirect driver) တစ်ခုဖြစ်ပါသည်။

တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်၍ သစ်တောပြုန်းတီးပျက်စီးမှုကို ဖြစ်စေသော အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ မိရိုးဖလာမြေများကို လုံလောက်စွာ ကာကွယ်ပေးထားခြင်း မရှိသဖြင့် မြေသိမ်းဆည်းမှုများ၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော မြေအငြင်းပွားမှု ဖြေရှင်းသည့် လုပ်ငန်းစနစ်နှင့် အဖွဲ့များမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အစားထိုးအသက်မွေးမှုလုပ်ငန်း နည်းပါးခြင်း၊ တိုးပွားလာသော လူလတ်တန်းစား၏ လိုအပ်ချက်များ တိုးပွားလာခြင်း စသည်တို့သည် သွယ်ဝိုက်သောအားဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနေပါသည်။


နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကိုပါ ပူးတွဲ စဉ်းစားရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကြောင့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် မလွယ်ကူသေးပါ။ သစ်တောပြုန်းတီးမှု များသည်လည်း တိုး၍သာဖြစ်ပွားနေပါသည်။ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး ပလက်ဖောင်း (Global Forest Watch GFW) အရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ မှ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့ အတွင်း စစ်ကိုင်းတိုင်း‌ဒေသကြီး အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း ၂၂၆၀၇ခု လေ့လာတွေ့ရှိရပါ သည်။


ရေးသားသူ- ဂီတမိုင်ချီ


References -

1. Research program on Forests, Trees and Agroforestry

2. Global Forest Resources Assessment FRA- 2020

3. Global Forest Watch GFW

4. Ministry of Natural Resources and Environmental Conservation- NUG

---------------------------------------------------------------------------

Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/





44 views0 comments

Comments


bottom of page