top of page
Search
myanmarehs

Green Building များအကြောင်း တစေ့တစောင်း

EHS Myanmar| 23.4.2022


Green Building ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရင်းအမြစ်များကို ချွေတာထိန်းသိမ်းခြင်းအားဖြင့် အဆောက်အဦးများကိုဖန်တီးခြင်းဖြစ်သည်။ ဤသို့ဖန်တီးရာတွင် ၎င်း၏အဆောက်အဦးဒီဇိုင်းမှသည် အဆောက်အဦးဆောက်လုပ်မှု၊ လည်ပတ်မှု၊ ထိန်းသိမ်းမှု၊ ပြုပြင်မွန်းမံမှုများထိတိုင်အောင် အဆောက်အဦး၏ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သဘာဝပတ်ဝန်းကျင်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကိုလျှော့ချပြီး အပြုသဘောဆောင်သည့်ကောင်းမွန်သော သက်ရောက်မှုများကို ဖန်တီးပေးနိုင်သောအဆောက်အဦးများကို Green Building ဟုခေါ်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရင်းအမြစ်များကိုထိန်းသိမ်းကာ ကျွန်ုပ်တို့၏လူနေမှုဘဝများကို တိုးတက်စေသည့် Eco-friendly ဖြစ်သောအဆောက်အဦးများဖြစ်သည်။

.

Green Building များဖန်တီးဆောက်လုပ်ရခြင်း၏ရည်ရွယ်ချက်မှာ စွမ်းအင်နှင့်သဘာဝထွက်အရင်းအမြစ်များကို ချွေတာထိန်းသိမ်းရန်၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု (greenhouse gas emission) တို့ကိုလျှော့ချရန်၊ အမှိုက်ကဲ့သို့သော စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကိုလျှော့ချရန်၊ eco-friendly ဖြစ်သောဆောက်လုပ်ရေးပစ္စည်းများနှင့် ဆောက်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရွေးချယ်ကျင့်သုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုသာ၍အရည်အသွေးမြင့်သော အဆောက်အဦး​ကောင်းများဆောင်ကြဉ်းပေးနိုင်ရန်ရည်ရွယ်ပါသည်။

သို့ဖြစ်၍ Green Building သည်အဆောက်အဦးများ၏ နံရံများနှင့်ခေါင်မိုးများတွင် စိမ်းလန်းစိုပြည်သော အပင်များစိုက်ပျိုးခြင်းထက်ပို၍ လေးနက်မှုရှိပေသည်။ အဆောက်အဦးတွင် နေထိုင်အသုံးပြုသူများ သယ်ယူပို့ဆောင်ရေးအပေါ်များစွာမှီခိုအသုံးပြုမှုများကိုလျှော့ချဖို့ရန်လည်း ဘတ်စ်ကားလမ်းကြောင်းများ၊ ကုန်တိုက်များ၊ ဈေးများ ကဲ့သို့သော လူသွားလာမှုများသည့် အခြေခံအဆောက်အဦးများအနီးတွင် တည်ဆောက်ရန်လည်းအရေးကြီးသည်။


၎င်းတွင်အခြားသောရှုထောင့်ပေါင်းစုံမှပတ်ဝန်းကျင်ဆိုင်ရာရေရှည်တည်တံ့စေသောနည်းလမ်းများစွာရှိသည်ကို အောက်ဖော်ပြပါအချက်များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။


၁။ Eco-friendly ဖြစ်သည့်ပစ္စည်းများအသုံးပြုခြင်း

Green Building များအတွက်အသုံးပြုသည့်ပစ္စည်းများမှာ သဘာဝမှရသော ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များ(renewable resources) မှရရှိလေ့ရှိသည်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စွမ်းအင်အသုံးပြုမှုနှင့် ကုန်ကျစရိတ်များလျှော့ချရန်၊ ရေရှည်တည်တံ့ခိုင်မြဲစွာ စီမံခန့်ခွဲနိုင်ရန်အတွက် ထိုအရင်းအမြစ်များကို ပြည်တွင်းမှရယူသုံးစွဲလေ့ရှိသည်။ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများနှင့် အသင့်ပြုပြင်ပြီးသားထုတ်ကုန်များကိုလည်း Green Building ဆောက်လုပ်ရာတွင်များစွာအသုံးပြုလေ့ရှိသည်။ ယင်းတို့သည်ပစ္စည်းအသုံးပြုမှုများနှင့်ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပြီး အခြားသော သမားရိုးကျရွေးချယ်စရာများထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ ရှိသောကြောင့်ဖြစ်သည်။ ဆောက်လုပ်ရေးပစ္စည်းများရွေးချယ်အသုံးပြုရာတွင် ယင်းပစ္စည်းများ၏ တာရှည်ခံမှု၊ ပြန်လည်အသုံးပြုနိုင်မှု၊ လေထုအရည်အသွေးအပေါ်သက်ရောက်မှုများ စသဖြင့်စံသတ်မှတ်ချက်များစွာကို ထည့်သွင်းစဥ်းစားရမည်။ အန္တရာယ်မရှိသောပစ္စည်းများကိုအသုံးပြုမှသာ အဆောက်အဦးအတွင်းလေထုအရည်အသွေးကိုမြှင့်တင်ပေးပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုနှုန်းကိုပါလျှော့ချပေးနိုင်မည်ဖြစ်သည်။ . ၂။ စွမ်းအင်သက်သာသောနည်းဖြင့် ထိရောက်စွာအသုံးပြုခြင်း

အဆောက်အဦးအတွင်း သဘာဝအတိုင်းအေးမြစေပြီး သက်သောင့်သက်သာဖြစ်စေရန် နေ၊ လေနှင့် သဘာဝ အလင်းရောင်တို့ကို ကောင်းမွန်စွာအကျိုးရှိရှိအသုံးချခြင်းဖြင့် အဆောက်အဦးကိုပုံဖော်နိုင်သည်။ ပြတင်းပေါက်များကို ဂရုတစိုက်ရွေးချယ်နေရာချထားခြင်း၊ နေ့ဘက်တွင် သဘာဝအတိုင်းရရှိသော အလင်းရောင်ကို အသုံးပြုခြင်းအားဖြင့် အဆောက်အဦးတစ်ခု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလျှော့ချ ပေးနိုင်ပြီး လူတို့၏ကျန်းမာရေးနှင့် ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပေးနိုင်သည်။ အပူနှင့်လျှပ်ကာပစ္စည်း၊ အသံလုံပစ္စည်းများအသုံးပြုရာတွင်လည်း cellulose insulation ကဲ့သို့သော Eco-friendly ဖြစ်သည့်ပစ္စည်းများကိုရွေးချယ်အသုံးပြုနိုင်သည်။ Cellulose insulation ဟူသည်မှာ စက္ကူစွန့်ပစ်ပစ္စည်းများကို ၈၅ရာခိုင်နှုန်းခန့် ပြန်လည်အသုံးပြုထားသော ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် ဆောက်လုပ်ရေးတိုးချဲ့မှု၊ ပြုပြင်မွမ်းမံမှုများနှင့် ဆောက်လုပ်ရေးဆိုင်ရာပရောဂျက်များ၏ ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေပြီး အဆောက်အဦးအတွက်လိုအပ်သော အပူစွမ်းအင်အသုံးပြုရမှုပမာဏကိုလည်းလျှော့ချနိုင်သည်။ နေ၊ လေ၊ ဆိုလာစွမ်းအင် (solar energy)၊ ဇီဝလောင်စာစွမ်းအင် (biomass energy) ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy) များကိုအသုံးပြုခြင်းအားဖြင့် green building များ၏ ကာဗွန်ထုတ်လွှတ်မှုပမာဏကို သိသိသာသာလျှော့ချနိုင်ပါသည်။ . ၃။ ရေသုံးစွဲမှု လျှော့ချခြင်း

Green Building တစ်ခုအနေဖြင့် ရေသုံးစွဲမှုလျှော့ချခြင်းအပေါ် အာရုံစိုက်ရန်လည်းလိုအပ်ပေသည်။ မိုးရေ သိုလှောင်ခြင်းများ၊ မြေအောက်ရေလှောင်ကန်များထားရှိခြင်း၊ မြေအောက်ရေပြန်လည်အားဖြည့်ခြင်းနည်းများ၊ ရေကာတာများအသုံးပြုခြင်း၊ ရေတွင်းတူးခြင်းနည်းလမ်းများသည်လည်း ရေသုံးစွဲမှုလျှော့ချရာတွင် အသုံးဝင်သောနည်းလမ်းများဖြစ်သည်။ ထို့ပြင် ရေသုံးစွဲမှုသက်သာစေသော အသုံးအဆောင်များ၊ ကိရိယာများ တပ်ဆင်ထားခြင်းသည်လည်း ရေအရင်းအမြစ်ကိုထိန်းသိမ်းရာရောက်သည့်အပြင် ရေအခွန်အခ (ရေခွန်) ပေးဆောင်ရမှုပမာဏကိုလည်း လျှော့ချနိုင်ပေသည်။ ရေစီးဆင်းမှုနည်းသော ရေပန်းများ၊ ကိုယ်တိုင်အလိုအလျောက်ပိတ်သော ရေပိုက်ခေါင်းများ၊ ရေစီးဆင်းမှုနည်းသော အိမ်သာများ (low-flow toilets)၊ ရေမသုံးအိမ်သာများ/ရေမဲ့အိမ်သာများ (waterless toilets) အသုံးပြုခြင်းအားဖြင့်လည်း ရေသုံးစွဲမှုကိုများစွာလျှော့ချနိုင်ပါသည်။ . ၄။ စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အဆောက်အဦးအရည်အသွေးမြှင့်တင်ရန်နှင့် ကုန်ကျစရိတ်လျှော့ချရန်အတွက် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်လိုအပ်သည့်အပြင် တစ်ဖန်ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများအဖြစ်ဖန်တီးကာ လိုအပ်သောနေရာများတွင်ပြန်လည်အသုံးချနိုင်သည်။ စွန့်ပစ်ပစ္စည်းကိုတာရှည်ခံစေရန်နှင့် အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရန် အစီအစဥ်ချနိုင်ရမည်။ အံဝင်ခွင်ကျ၍မှန်ကန်သော ဖွဲ့စည်းတပ်ဆင်မှုများပြုလုပ်ခြင်းဖြင့် စွန့်ပစ်ပစ္စည်းများကိုဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်ပါသည်။ . ကမ္ဘာတစ်ဝှမ်းရှိ Green Building များကို လေ့လာသိရှိနိုင်ရန် အောက်တွင်ဥပမာတချို့ဖြင့်ဖော်ပြပေးထားပါသည်။

၁။ The Crystal ( London, United Kingdom ) United Kingdom တွင်ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Siemens သည် နှစ်စဥ်လာရောက်လည်ပတ်သူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်သော မြို့ပြရေရှည်တည်တံ့သောအထင်ကရနေရာဖြစ်သည့် The Crystal ကိုတည်ဆောက်ခဲ့သည်။ ၎င်းတွင်ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံဒီဇိုင်းရှိသည့်အပြင် နေ့ဘက်တွင် သဘာဝအလင်းရောင်ကိုသာအပြည့်အဝရရှိစေရန်ဖန်တီးထားပြီး လျှပ်စစ်ဓာတ်အားကို photovoltaic ဆိုလာပြားများမှ အဓိကရယူထားကာ နေအလင်းရောင်ရရှိမှုပေါ်မူတည်၍ အလိုအလျောက်အပိတ်အဖွင့်လုပ်ပေးသော LED နှင့် Fluorescent မီးများဖြင့်ပေါင်းစပ်၍ အလင်းရောင်ရရှိရန်ပြုလုပ်ထားသည်။ ယင်းအဆောက်အဦး၏ခေါင်းမိုးကိုလည်း မိုးရေစုဆောင်းရာနေရာအဖြစ်လုပ်ဆောင်ထားပြီး မိလ္လာများကို သန့်စင်ပေးခြင်းကိုလုပ်ဆောင်သည်။ ထို့ပြင် စွန့်ပစ်ရေဆိုးရေညစ်များကို ပြန်လည်အသုံးပြုနိုင်သောရေများအဖြစ်သို့ပြောင်းလဲကာ စနစ်တကျသန့်စင်ပေးပြီး သောက်သုံးရေအဖြစ်ပြောင်းလဲပေးနိုင်ပေသည်။ . ၂။ Pixel Building, Melbourne, Australia Pixel Building ကိုထင်ရှားစေသည့်အချက်မှာ ၎င်းသည် ၁၀၀ရာခိုင်နှုန်း ကာဗွန်ကင်းစင်သောအချက်ကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ အဆောက်အဦးလည်ပတ်ရာတွင် နှစ်စဥ်ထုတ်လွှတ်သော ကာဗွန်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ (renewable energy) ဖြင့် ပြန်လည်အစားထိုးပေးနိုင်သောကြောင့်ဖြစ်သည်။ ယင်းသည် စနစ်ကျသော "ကာဗွန်ကင်းစင်ရေး" လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်နိုင်သည့် အဆောက်အဦးကောင်းတစ်ခုဖြစ်သည်။ . ၃။ ACROS Fukuoka Foundation Building, Fukuoka, Japan ဂျပန်နိုင်ငံ Fukuoka မြို့၏ထိပ်တန်းဆွဲဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသော ACROS Fukuoka Foundation အဆောက်အဦးကို ၁၉၉၅ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး သဘာဝအလှတရားနှင့် ဗိသုကာပညာ၏ ပြီးပြည့်စုံသောပေါင်းစပ်မှု၏ စံနမူနာကောင်းတစ်ခုအဖြစ် ရည်ညွှန်းလေ့ရှိပါသည်။ ၎င်းအဆောက်အဦး၏ အတွင်းခန်းဒီဇိုင်းသည် သဘာဝအလင်းရောင်ကိုသာ အသားပေးထားခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကိုများစွာလျှော့ချထားသည်။ ထို့ပြင်၎င်း၏ထူးခြားချက်မှာ အဆောက်အဦးတစ်လျှောက်တွင် တောင်နှင့်တူသော ရေနုတ်မြောင်းများကိုစနစ်တကျ ဒီဇိုင်းဖော်ထားခြင်းဖြစ်သည်။ ဤနည်းလမ်းအရ အဆောက်အဦးထိပ်မှ ရေစီးကြောင်းများဖြင့် အနီးပတ်ဝန်းကျင်နှင့်အောက်ဘက်ရှိ အပင်များအားရေလောင်းပေးနိုင်သောကြောင့် သဘာဝအတိုင်း အပင်စိုက်ခြင်းကိုပါပြုလုပ်နိုင်ပေသည်။ . ၄။ Taipei Public Library, Beitou Branch, Taiwan ထိုင်ဝမ်ရှိ တိုင်ပေပြည်သူ့စာကြည်တိုက်သည် ၎င်းအစိုးရ၏ EEWH (Ecology, Energy saving, Waste reduction and Health) အသိအမှတ်ပြုစနစ်အောက်တွင် အမြင့်ဆုံးစံသတ်မှတ်ချက်အတွက်အရည်အချင်းပြည့်မီသော ထိုင်ဝမ်၏ပထမဆုံးသော Green Building တစ်ခုဖြစ်သည်။ ယင်းစာကြည့်တိုက်သည် လျှပ်စစ်စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပန်ကာများ၊ လေအေးပေးစက်များအသုံးပြုမှုကိုလျှော့ချနိုင်ရန် ကြီးမားသောပြတင်းပေါက်များကို များစွာအသုံးပြုထားသည်။ ထို့ပြင် နေရောင်ခြည်မှတစ်ဆင့် လျှပ်စစ်စွမ်းအင်အဖြစ်သို့ပြောင်းလဲပေးနိုင်သော photovoltaic ဆိုလာစနစ်ကိုလည်း အကျိုးရှိစွာအသုံးပြုထားသည်။ မိုးရေများလည်းစုဆောင်းထားပြီး ထိုရေများကို စာကြည့်တိုက်၏အိမ်သာနှင့်မိလ္လာများတွင် ပြန်လည်အသုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော အဆောက်အဦးတစ်ခုအဖြစ် ဒီဇိုင်းဆွဲ ပုံဖော်တည်ဆောက်ထားပါသည်။ . ၅။ Wat Pa Maha Chedi Kaew, Sisaket, Thailand ထိုင်းနိုင်ငံတွင်တည်ရှိသော Wat Pa Maha Chedi Kaew ဘုရားကျောင်းသည် "Million Bottle Temple"ဟုလူသိများပြီး ဘီယာပုလင်းအခွံ ၁ သန်းကျော်ဖြင့်တည်ဆောက်ထားသော ခေတ်မီသည့် eco-friendly ဖြစ်သော ဗုဒ္ဓဘာသာကိုးကွယ်ရာဘုရားကျောင်းတစ်ကျောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုတွင်ပါဝင်ရန် ဗုဒ္ဓဘာသာဘုန်းကြီးများက ၁၉၈၄ ခုနှစ်အစောပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကိုအကျိုးရှိစွာပြန်လည်အသုံးချသည့်အနေဖြင့် ဘုရားကျောင်း၏မီးသဂြိုဟ်ခန်းနှင့် အခြားအဆောင်အခန်းများအပါအဝင် ဘုရားကျောင်းတစ်ခုလုံးကို အစိမ်းရောင် Heineken ပုလင်းများနှင့် အညိုရောင် Chang ဘီယာပုလင်းများဖြင့် ရောစပ်တည်ဆောက်ထားသည်။ . Green Building များ၏အကျိုးကျေးဇူးများကိုလည်း အောက်ဖော်ပြပါအတိုင်း သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ အသီးသီးမှ အကျိုးကျေးဇူးရရှိပုံများကိုလေ့လာဖတ်ရှုနိုင်ပါသည်။

၁။ သဘာဝပတ်ဝန်းကျင်အရ အကျိုးခံစားရမှုများ ရေသုံးစွဲမှုလျှော့ချခြင်းဖြင့် ရေအရင်းအမြစ်ကိုထိန်းသိမ်းခြင်း၊ စွမ်းအင်လျှော့ချရန် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ(renewable energy) နှင့် ဇီဝအရင်းအမြစ်များကိုအသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည်အသုံးပြုနိုင်သည့် recyclable ပစ္စည်းများကို ဦးစားပေးအသုံးပြုခြင်းတို့ကြောင့် Green Building ၏အဓိကအားသာချက်မှာ သဘာဝပတ်ဝန်းကျင်ကို အသားပေး၍ထိန်းသိမ်းကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ . ၂။ စီးပွားရေးအရ အကျိုးခံစားရမှုများ World Green Building Council ၏အစီရင်ခံစာအရ အခြားသာမန်အဆောက်အဦးများနှင့်ယှဥ်လျှင် Green Building များ၏စွမ်းအင်ချွေတာမှုမှာ ၂၅ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း အထိရှိပြီး၊ ရေအရင်းအမြစ်ချွေတာမှုမှာ ၃၉% အထိချွေတာနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် စီးပွားရေးရှုထောင့်အရကြည့်လျှင် ရေခွန်၊ မီတာခွန် စသဖြင့်အခွန်အခများပေးဆောင်ရသည့် ပမာဏများလျော့ကျသွားသည်ကိုတွေ့ရသည်။ ထို့ပြင် Green Building များသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာကုန်ကျစရိတ်များကို လျှော့ချစေနိုင်သည့်အပြင် အိမ်ခြံမြေဈေးကွက်ကိုလည်းမြှင့်တင်ပေးနိုင်ပေသည်။ . ၃။ လူမှု​ဝန်းကျင်အရ အကျိုးခံစားရမှုများ Green Building များသည် နေထိုင်သူများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးကိုမြှင့်တင်ပေးခြင်း၊ သဘာဝအတိုင်းသက်သောင့်သက်သာဖြစ်စေမှုတို့ကို ဦးစားပေးခြင်းတို့ကြောင့် လူနေမှုဘဝအရည်အသွေးကိုပါ မြှင့်တင်တိုးတက်စေပါသည်။ . အချုပ်အားဖြင့်ဆိုရသော် Green Building များသည် သဘာဝပတ်ဝန်းကျင်ကိုသာမက ကျွန်ုပ်တို့၏စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုသောကြောင့် မိမိတို့အနေဖြင့် Green Building များပိုမိုပေါ်ပေါက်လာရေးကို အားပေးဆောင်ရွက်သင့်ပါသည်။ ထို Green Building စနစ်ကို အများပြည်သူသုံးအဆောက်အဦးများပြုလုပ်ရန်အတွက်သာမက လူနေအိမ်၊ ရုံခန်းကဲ့သို့သော မိမိတို့တစ်နိုင်တစ်ပိုင် အဆောက်အဦးများ ဆောက်လုပ်သည့်အခါတွင်လည်း Green Building များကိုဦးစားပေးဆောက်လုပ်နိုင်ရန်ကြိုးစားသင့်ပါသည်။ . ခေတ် မှ ရေးသားပြုစုပါသည်။

ကိုးကားကျမ်းများ - Green Building: How to shape the future of construction - Solar Impulse Foundation, 4 Characteristics that make up a green building - Rt Construction, 10 coolest examples of green buildings - When On Earth ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar







24 views0 comments

Commenti


bottom of page