top of page
Search
myanmarehs

Sunscreen များ က အဏ္ဏဝါပတ်ဝန်းကျင်ဂေဟစနစ်ကို တကယ်ပဲထိခိုက်စေတာလား?

August 7 | EHSMyanmar

.

ဩဂုတ်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ၏ ကမ်းခြေအချို့ နှင့် အမျိုးသားဥယာဥ်တို့မှာ နေလောင်ဒဏ်ခံလိမ်းဆေးများ (sunscreens) များအသုံးပြုမှုကို စတင်တားမြစ်လိုက်ပါပြီ။ Sunscreens တို့မှာပါတဲ့ ဓာတုဆေးဝါးတွေကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ကိုပျက်ဆီးနိုင်ခြင်းကြောင့်ဆိုပြီး တားမြစ်လိုက်ပါတယ်။ အဲ့ဒီတော့ တကယ်ပဲ နေလောင်ဒဏ်ခံလိမ်းဆေးတွေက တကယ်ကိုထိခိုက် ပျက်ဆီးစေတာလား။ လေ့လာကြည့်ရအောင်။

.

စာဖတ်သူတို့တွေ ပင်လယ်ကမ်းခြေ သွားတဲ့အခါ အသားအရေ နေမလောင်ဖို့ လိမ်းဆေးတွေ၊ ဖျန်းဆေး တွေလိမ်းကြမှာပါ။ အဲ့ဒီလိုမလိမ်းရင် ကမ်းခြေကပြန်လာတဲ့အခါ အသားတွေမဲလာမှာ ကို ဘယ်သူမှ မလိုချင်ဘူးဟုတ်။ အဲ့ဒီလိုဆေးတွေလိမ်းချယ်ပြီးသွားမှသာ ကမ်းခြေဆင်းမယ်၊ ပင်လယ်ထဲလှိုင်းစီးမယ်၊ ရေငုတ်မယ်၊ ရေကူးမယ် စတာတွေပြုလုပ်ကြပါတယ်။ ကမ်းခြေကပြန်တက်လာတဲ့အခါ ရေချိုးကြမယ်။ အဲ့ဒီတော့ ခုနက

နေလောင်ဒဏ်ခံလိမ်းဆေးတွေဘယ်ရောက်သွားတာလဲ?

.

ယခု ဆောင်းပါးမှာ ရည်ညွှန်းရေးသားနေတဲ့ "Sunscreen" ဆိုတဲ့စကားလုံးမှာ အားလုံးသော sunscreen အမျိုးအစားတွေပါတာကိုသိစေချင်ပါတယ်။ Sunscreen သာမက Sunblock cream များလဲပါဝင်ပါတယ်။ Sunscreen မှာလဲအမျိုးအစားများစွာရှိပါတယ်။ အမျိူးသမီးတွေဆိုပိုသိပါလိမ့်မည်။ လိမ်းဆေး (emulsion)၊ ဂျယ်လ် (Gel-based)၊ ဖျန်းဆေး (aerosols)၊ မိတ်ကပ် (SPF Makeup)၊ Oil-Based၊ Sun Stick (Balm) တို့အကုန်ပါဝင်သည့်အပြင် SPF ညွှန်းကိန်းများအာလုံးကိုပါဆိုလိုပါသည်။

.

Badgerblam.com ရဲ့ အဆိုအရ နှစ်စဥ် sunscreen တန်ချိန်ပေါင်း ၆၀၀၀ မှ ၁၄၀၀၀ တို့က ရေကူးသူများ၊ ရေငုတ်သူများ၊ ပင်လယ်ကမ်းခြေဆင်းသူများ ထံမှတဆင့် အဏ္ဏဝါပတ်ဝန်းကျင်ဂေဟစနစ်ဆီသို့ ရောက်ရှိပြီး သန္တာကျောက်တန်းတွေကိုပျက်ဆီးနေပါတယ်။ ဒါ့အပြင် ထို ရေချိုးလိုက်သည့်မှာလဲ ရေဆိုးမှတဆင့် sunscreen များက မြေပေါ်မြေအောက်ရေများဆီပါရောက်ကုန်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ၁၀ ရာခိုင်နှုန်းကျော်ကျော်သော သန္တာကျောက်တန်းများက sunscreen များရဲ့ အန္တရာယ်နှင့်ရင်ဆိုင်နေရပါတယ်။

.

နေလောင်ဒဏ်ခံဆေးတွေထဲမှာ ဘယ်လိုဓာတုပစ္စည်းတွေပါသလဲ? ------

Sunscreens တွေမှာ သန္တာကျောက်တန်းတွေ နဲ့ ရေနေသတ္တဝါတွေကိုပျက်ဆီးစေနိုင်တဲ့ Butylparaben, Methylbenzyl, Octinoxate, Nano titanium dioxide, and Nano zinc oxideand Oxybenzone ဓာတုဆေးဝါးတွေပါဝင်ပါတယ်။ ပုံမှန်အရွယ် ရေကူးကန်တစ်ကန်ထဲကို Sunscreen တစ်စက်ကျလျှင်ပင် သန္တာကျောက်တန်းတွေ နဲ့ ရေနေသတ္တဝါတွေ ကိုထိခိုက်ပျက်ဆီးစေနိုင်တယ်လို သုတေသနတွေမှာတွေ့ရပါတယ်။ ဆိုတော့...ကမ္ဘာပေါ်မှာနေ့စဥ်လူသန်းပေါင်းများက sunscreens များလိမ်း၍ ကမ်းခြေမှာရေကူး၊ ရေဆေးကြောခြင်းတွေ ပြုနေသည့်အတွက် အဏ္ဏဝါပတ်ဝန်းကျင်ဂေဟစနစ်ကို ဘယ်လောက်ထိခြိမ်းခြောက်နေပြီလဲဆိုတာကိုမှန်းဆလို့ရနိုင်ပါပြီ။ ထိုဆေးတွေများထဲမှာပါဝင်တဲ့ Oxybenzone ကြောင့် သန္တာကျောက်တန်းပွားများမှု (coral reproduction) ကို အနှောင့်အယှက်ပေးခြင်း၊ သန္တာကျောက်တန်းများ၏ ရောင်စုံအလှများကို ဆေးကျွတ်ခြင်း (coral bleaching) နှင့် DNA များကို ဖျက်ဆီး ခြင်းတွေပြုလုပ်ပါတယ်။ Butylparaben နှင့် Octinoxate တို့ကြောင့်လဲ အရောင်ကျွတ်ခြင်းတွေဖြစ်စေပါတယ်။ 4-methylbenzylidene camphor (4MBC) ကတော့ပြင်းထန်တဲ့အတွက် အမေရိကန် နှင့် ဂျပန်တို့မှာ ထိုဓာတုပါဝင်သည့် sunscreen များအသုံးပြုခွင့်မရှိပါ။

.

သန္တာကျောက်တန်းတွေ အရေးပါပုံကိုတော့ အထူးအလေးပေးရေးစရာမလိုတော့ဘူးလို့စာရေးသူထင်မိပါတယ်။ သန္တာကျောက်တန်းများက သဘာဝပတ်ဝန်းကျင်ဂေဟစနစ် တွင် ကမ္ဘာမြေနှင့် ရေနေသတ္တဝါများအတွက် အရေးပါဆုံးသော သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ သန္တာကျောက်တန်းများ မရှိတော့ပါက ကမ်းရိုးတန်းဒေသများ၏ သဘာဝပတ်ဝန်းကျင်အကြီးအကျယ်ထိခိုက်ခြင်း၊ သဘာဝအလှတရားများပျက်ဆီးခြင်း၊ ရေနေသတ္တဝါများအတွက် စားနပ်ရိက္ခာများရှားပါးလာခြင်း၊ စားကျက်နေရာများပျောက်ဆုံးလာခြင်း တို့ကနေ ရေနေသတ္တဝါများမျိူးသုဥ်းခြင်းအန္တာရာယ်တွေကနေတဆင့် လူသားတွေရဲ့ စားနပ်ရိက္ခာ နှင့် ရာသီဥတုပြောင်းလဲခြင်းတွေကိုပါ ထိခိုက်ခံစားရမှာဖြစ်ပါတယ်။ သန္တာကျောက်တန်းတွေကို လူသားတွေဖန်တီးယူလို့လဲမလွယ်ကူလှပါ။ သန္တာကျောက်တန်းတွေဆိုတာက ကြည့်လိုက်လျှင်တော့ ကျောက်တုံးလို့ထင်ရပေမယ့် တကယ်တော့ living-organism တွေပါပဲ။ တစ်နှစ်ကို ၂ စင်တီမီတာ လောက်ကြီးထွားလေ့ရှိပါတယ်။ ဒါကြောင့် အခုစာရေးသူတို့တွေတွေ့နေရတဲ့ သန္တာကျောက်တန်းတွေက လွန်ခဲ့တဲ့ နှစ်တစ်ထောက်လောက်ထည်းကတည်ရှိနေတဲ့အရာတွေပဲဖြစ်ပါတယ်။

.

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဘယ်လို Sunscreen မျိုးတွေအသုံးပြုသင့်သလဲ?----

ဘာကြောင့်စာရေးသူ၊ စာဖတ်သူတို့ sunscreen တွေသုံးကြလဲ? လိုအပ်လို့သုံးရတာပေါ့...မှန်ပါတယ်။ Sunscreenသုံးခြင်းဖြင့် UV ဒဏ်ကိုကာကွယ်ပေးမယ်၊ အသားမဲမသွားအောင်ကာကွယ်ပေးမယ်၊ နေလောင်ဒဏ်ကနေကာကွယ်ပေးမယ်၊ အရေပြားကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်တယ် စတာတွေကြောင့်မသုံးမဖြစ်အသုံးပြု ကြရပါတယ်။ ဒါကြောင့် ယခုအခါ Sunscreen ထုတ်လုပ်သူများက "environmental-friendly" ဖြစ်စေမည့် sunscreen များကိုထုတ်လုပ်လာကြပါပြီ။ တကယ်လို့ စာဖတ်သူက သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသူလဲဖြစ် Sunscreen လဲဝယ်တော့မယ်ဆိုလျှင် ဗူးပေါ်မှာ ဒီစာသားပါတဲ့ sunscreen တွေကိုသာ ဝယ်ဖို့တိုက်တွန်းချင်ပါတယ် - "reef safe" "reef friendly" "coral safe" "reef repair" "protect land & sea" စသည့် label များပါသည့် Sunscreen များကိုသာ ရွေးချယ်ဝယ်ယူစေလိုပါတယ်။ တစ်ဖက်မှာလဲ "green washing" ဖြစ်စေနိုင်တာကိုလဲသတိပြုရပါမယ်။

.

နိဂုံးချုပ်ရသော်... ကမ္ဘာပေါ်ရှိသန္တာကျောက်တန်း ထက်ဝက်လောက်က လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း လူသားတွေကြောင့် သေကြေပျက်ဆီးခဲ့ရပြီးဖြစ်သည့်အပြင်၊ ဆက်လက်ထိန်းသိမ်းခြင်းမရှိပါကလဲ နောက်ရာစုနှစ်တစ်ခုရောက်လျှင် ၉၀ ရာခိုင်နှုန်းလောက်သော သန္တာကျောက်တန်းများ ပျက်ဆီးမည့်ဘေးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် စာရေးသူတို့နိုင်ငံမှာရှိတဲ့ လူသွားများတဲ့ ပင်လယ်ကမ်းခြေ တွေမှာလဲ "environmental friendly" မဖြစ်တဲ့ sunscreen များအသုံးပြုမှုကို တားမြစ်ဖို့အချိန်တန်ပြီလို့ အကြံပြုလိုက်ရပါတယ်။


Ko Kaung Htet Swan (President, EHS Myanmar) မှရေးသားသည်။


ကိုးကားကျမ်း - Thethaiger.com, www.sierraclub.org, oceanservice.noaa.gov


Environmental စိတ်ဝင်စားသူများအတွက် - https://www.facebook.com/groups/ehsmyanmar

Climate Change စိတ်ဝင်စားသူများအတွက် - https://www.facebook.com/groups/cleanairclimatechange

----------------------------------------------------------

"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."



3 views0 comments

Comments


bottom of page