top of page
Search
myanmarehs

Wetlands Action for People and Nature

EHS Myanmar| 15.2.2022

ရေဝပ်ဒေသ (Wetland) ဆိုသည်မှာ ရေချို၊ ရေငံ သို့မဟုတ် ရေချိုရေငံစပ် တစ်နေရာရာတွင်ရှိသော မြေကြီးကို ရေဖြင့်ဖုံးလွှမ်းနေသည့်နေရာဖြစ်သည်။ စိမ့်မြေများနှင့် ရေကန်များ၊ အင်းအိုင် သို့မဟုတ် သမုဒ္ဒရာ၏အစွန်း၊ မြစ်ဝရှိ မြစ်ဝကျွန်းပေါ်ဒေသ၊ မကြာခဏ ရေလွှမ်းမိုးလေ့ရှိသည့် မြေနိမ့်ပိုင်းနေရာများအားလုံးသည် ရေဝပ်မြေများ၊ ရေဝပ်ဒေသများဖြစ်သည်။

ရေဝပ်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်အတွက်သာမက စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကိုလည်း အကျိုးကျေးဇူးများ ပေးစွမ်းလျှက်ရှိသည်ကို အောက်တွင် ဖတ်ရှု‌လေ့လာနိုင်ပါသည်။

၁။ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောကဲ့သို့သော အဓိကထွက်ကုန်များအတွက် အရေးကြီးခြင်း

၁.၁ စိုက်ပျိုးရေး

ရေဝပ်ဒေသများသည် ဆည်မြောင်းများအတွက် ရေအရင်းအမြစ်ဖြစ်ပြီး ပြည်တွင်းစားသုံးရန် အဓိကဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပံ့ပိုးပေးသည်။ ထို့အပြင် ကုန်းတွင်းပိုင်းများထက် ရေလွှမ်းမိုးမှုရှိသော မြေပြန့်ဒေသများနှင့် ကပ်လျက်တွင်ရှိသော ဒေသများတွင် ရေသွင်းစိုက်ပျိုးရေးများ ပိုမိုဖြစ်ထွန်းသည်ကို တွေ့မြင်နိုင်သည်။

၁.၂ ရေလုပ်ငန်း

ရေဝပ်ဒေသများသည် စီးပွားဖြစ် အဖိုးတန်သော ငါးမျိုးစိတ်များ၊ ရွှံ့ကဏန်းများ၊ ရေကူးကဏန်းပြာများ၊ ပုဇွန်နှင့် ယက်ဘီမျိုးစိတ်များကဲ့သို့သော ရေနေမျိုးစိတ် အများစုအတွက် nursery groundဖြစ် ရှိနေကြပြီး မျိုးစိတ် အများအပြား ပေါက်ဖွားကြသည်။

၁.၃ သစ်တော

လမုတော၊ လမဲ့တော၊ ဓနိတော၊ မြစ်နီသွားဖုံးနှင့် လက်ဖက်ပင်ကဲ့သို့သော ရေအပေါ်တွင် ပိုမိုမှီခိုနေရသော သစ်ပင်မျိုးစိတ်များအတွက် ရေဝပ်ဒေသများသည် ရေရှည်တည်တံ့သော သစ်တောကို ပံ့ပိုးပေးသည်။ . ၂။ ရေကြောဆိုင်ရာ ကောင်းမွန်မှုများ

၂.၁ ရေအရည်အသွေးကောင်းမွန်စေခြင်း

စိုစွတ်သောမြေများ၊ ရေဝပ်ဒေသရှိမြေများသည် အနည်အနှစ်များကို စုပ်ယူခြင်း၊ ညစ်ညမ်းစေသော အညစ်အကြေးများကို စစ်ထုတ်ခြင်းနှင့် အာဟာရများကို စုပ်ယူခြင်းတို့ကြောင့် မြစ်အောက်ပိုင်း၌ ရေအသုံးပြုသူများအတွက် ရေအရည်အသွေးကို ကောင်းမွန်စေသည်။ ၎င်းတို့သည် မြေပေါ်နှင့် မြေအောက်ရေ အရင်းအမြစ်များကို သန့်စင်စစ်ထုတ်မှုများကိုလည်း ပြုလုပ်ပေးသည်။

၂.၂ ရေကြီးမှု လျော့ချပေးခြင်း

စိုစွတ်သောမြေများသည် မြစ်များတစ်လျှောက် ရေလွှမ်းမိုးမှုကို နှေးကွေးစေပြီး အချိန်နှင့်အမျှ ရေထုတ်လွှတ်ခြင်းဖြင့် ရေလွှမ်းမိုးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ၎င်းတို့၏ အနီးအနားရှိ လယ်မြေများနှင့်ကပ်လျက်ရှိသော ရေကြောစနစ်များသည် ပုံမှန် မြစ်များထက် ပို၍ တည်ငြိမ်ကာ တသမတ်တည်း စီးဆင်းကြသည်။

၂.၃ ရေပေးဝေခြင်း။

ရေတိမ်ဒေသများသည် ရေပေးဝေမှုကို အပြုသဘောဆောင်နိုင်ပြီး၊ ရေဝေရေလဲအတွက် လှောင်ကန်များအဖြစ် ဆောင်ရွက်ကာ ထိန်းသိမ်းထားသည့်ရေကို အပေါ်ယံရေနှင့် မြေအောက်ရေအဖြစ်သို့ ထုတ်လွှတ်နိုင်သည်။ . ၃။ ပိုးမွှား အန္တာရယ်များကို ထိန်းညှိပေးခြင်း။

ရေတိမ်ဒေသများသည် အနီးနားရှိ စိုက်ခင်းများရှိ ပိုးမွှားများကို ထိန်းချုပ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ကူညီပေးနိုင်သည့် ငှက်များအတွက် နေထိုင်ရာနေရာများ ပံ့ပိုးပေးပါသည်။ ငှက်တစ်ကောင်သည် တစ်နေ့လျှင် ၎င်းခန္ဓာကိုယ်အလေးချိန်၏ 25%ရှိသော ပိုးမွှားများကို စားသုံးနိုင်သောကြောင့် ၎င်းတို့ကို လယ်သမားသူငယ်ချင်းများဟု မကြာခဏ ခေါ်ဝေါ်ကြသည်။ ဆိုလိုသည်မှာ အင်းဆက်ပိုးမွှားများကို ထိန်းချုပ်ရန် ငွေကုန်ကြေးကျများပြီး ညစ်ညမ်းစေသော ဓာတုဆေးဖြန်းမှု လိုအပ်မှုနည်းပါးကြောင်း ဆိုလိုပါသည်။ . ၄။ ဖန်လုံအိမ်ဓာတ်ငွေ့များ (Greenhouse gases) လျော့ချပေးခြင်း။

စိုစွတ်သောမြေများသည် ကမ္ဘာ့မြေမျက်နှာပြင်၏ 9% ခန့်ကို ဖုံးလွှမ်းထားပြီး ကမ္ဘာ့ကုန်းနေ ကာဗွန် 35% ခန့် ပါဝင်သည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စိုစွတ်သောမြေများသည် လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့များကို စုပ်ယူနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို လျှော့ချပေးပြီး ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေရန် ကူညီပေးသောကြောင့် ဖြစ်သည်။ ဆားငန်နှင့် ဒီရေတောများကဲ့သို့ ကမ်းရိုးတန်းရေတိမ်ဒေသများသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို စုပ်ယူရန် အကျိုးအရှိဆုံး‌ေနရာများဖြစ်သည်။ . ၅။ ဇီဝမျိုးစုံမျိုးကွဲများအတွက် နေထိုင်ရာနေရာပေးခြင်း။

ရေဝပ်ဒေသများသည် အပင်များနှင့် တိရိစ္ဆာန်များစွာအတွက် နေထိုင်ရာနေရာဖြစ်သည်။ အချို့သော ငါးမျိုးစိတ်များသည် မျိုးပွားရန်အတွက် ပုံမှန်ရေသံသရာကို မှီခိုနေရသော်လည်း အချို့သောငါးမျိုးစိတ်များသည် ရေတိမ်ဒေသများတွင်သာ နေထိုင်ကြသည်။ ရေတိမ်ဒေသများသည် ရွှေ့ပြောင်းငှက်များစွာအတွက်လည်း အရေးကြီးသောနေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ဆောင်းခိုရန်‌လာရောက်ကြသော ဆောင်းခိုငှက်အများစုသည်လည်း ထိုနေရာတ‌ွင်သာ ကျက်စားနေထိုင်ကြသည်။ . ၆။ သိပ္ပံနှင့် ပညာရေးအတွက် အထောက်အကူပြုခြင်း

ရေတိမ်ဒေသများသည် သိပ္ပံနည်းကျ သုတေသနပြုရန် အရေးကြီးသောနေရာများအဖြစ် ရှိနေပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝဖြစ်စဉ်များအကြောင်း လူသားများအား ပညာပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျောင်းများ၊ တက္ကသိုလ်များနှင့် အများသူငှာတို့သည် ရေတိမ်ဒေသများ၏ ဂေဟစနစ်ဆိုင်ရာ အရေးပါမှုနှင့် ရပ်ရွာအတွက် ၎င်းတို့ပေးဆောင်သော အကျိုးကျေးဇူးများနှင့် ဝန်ဆောင်မှုများအကြောင်း လေ့လာရန် ရေတိမ်ဒေသများသို့ သွားရောက်လေ့လာနိုင်ပါသည်။ . ၇။ ယဉ်ကျေးမှု အမွေအနှစ်အဖြစ်ရှိနေခြင်း

ရေတိမ်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတန်ဖိုးများ တည်ရှိနေသောကြောင့် ဒေသခံလူမျိုး၊ ရပ်ရွာ၊ နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးများ မြင့်မားစေပါသည်။ . ရေဝပ်ဒေသများ ပျောက်ကွယ်သွားခဲ့လျှင်?

စိုစွတ်သောမြေများမရှိလျှင် မြို့ကြီးများသည် ၎င်းတို့၏နိုင်ငံသားများအတွက် ရေချိုရရှိရန် ငွေကြေးပိုမိုသုံးစွဲရမည်ဖြစ်ပြီး၊ ရေလွှမ်းမိုးမှု၊ ရေကြီးမှုများသည် အနီးနားရှိရပ်ရွာများကို ပိုမိုပျက်စီးစေနိုင်ခြင်း၊ မုန်တိုင်းများသည်လည်း ကုန်တွင်းပိုင်းထိ ပိုမိုဝင်ရောက်လာကာ တိရိစ္ဆာန်များ‌‌သေကြေပျက်စီးကာ လူသားများ အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည် သို့မဟုတ် သေဆုံးနိုင်ခြင်း၊ စားနပ်ရိက္ခာများ ပြတ်တောက်ကာ စားဝတ်နေရေး အခက်အခဲ ပြဿနာများ ပေါ်ပေါက်လာနိုင်ပါသည်။ . အချုပ်အားဖြင့်ဆိုရသော် ရေဝပ်ဒေသများသည် ကျွန်ုပ်တို့ လူသားများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ အားလုံးအတွက် မရှိမဖြစ်အရေးပါသော နေရာများဖြစ်တာကြောင့် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံး နည်းလမ်းများကို ရွေးချယ်နေထိုင်ဖို့လိုအပ်ကြောင်း အသိပေးလိုပါသည်။ . မေသရ မှ ပြုစုရေးသားသည်။

ကိုးကား - Why are wetlands important?-US EAP, Wetland habitats-WWF, Benefits of Wetland




152 views0 comments

Comments


bottom of page