top of page
Search
myanmarehs

ကျွန်ုပ်တို့နေထိုင်ရာ ဂေဟစနစ်နှင့် ဂေဟစနစ် ဝန်ဆောင်မှုများ အကြောင်း တစေ့တစောင်း

ဂေဟစနစ်ဆိုသည်မှာ သက်ရှိများအချင်းချင်းနှင့် သက်မဲ့ ပတ်ဝန်းကျင်တို့ အပြန်အလှန်ဆက်သွယ်မှုရှိသည့် ဂေဟစနစ် ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပါသည်။ “Ecosystem” "ဂေဟစနစ်" ဟူသောဝေါဟာရကို ၁၉၃၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် A.G.Tansley မှ စတင်တီထွင်ခဲ့ပါသည်။ ဤဆောင်းပါးထဲတွင် ကမ္ဘာပေါ်ရှိ ဂေဟစနစ်အမျိုးအစားများ၊ ကျွန်ုပ်တို့ရရှိနေသော ဂေဟစနစ် ဝန်ဆောင်မှု အမျိုးအစားများအကြောင်းကို သိစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ . "ဂေဟစနစ် အမျိုးအစားများ" ဂေဟစနစ်ကို အဓိကအားဖြင့် အမျိုးအစား (၂)မျိုး ခွဲခြားနိုင်ပါသည်။

၁။ ကုန်းမြေ ဂေဟစနစ် (Terrestrial Ecosystem) ကုန်းမြေဂေဟစနစ်ဆိုသည်မှာ မြေယာအခြေပြု (land-based) ဂေဟစနစ်များသာဖြစ်ပြီး ကျွန်ုပ်တို့ လူသားများ အများဆုံးနေထိုင်ရာ နေရာဖြစ်ပါသည်။ မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး ကုန်မြေဂေဟစနစ် အမျိုးမျိုးရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁.၁ သစ်တော ဂေဟစနစ် (Forest Ecosystem) သစ်တောဂေဟစနစ်တွင် မျိုးစုံသော အပင်များ၊ တိရိစ္ဆာန်များနှင့် သေးငယ်သော ဇီဝသက်ရှိများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ညှိနှိုင်းနေထိုင်မှုရှိခြင်းများကို သစ်တောဂေဟစနစ်ဟု ခေါ်သည်။ သစ်တောဂေဟစနစ်တွင် အမြဲစိမ်းတော၊ အင်တိုင်းတော၊ ထင်းရှူးတော၊ ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ယာယီ သွေ့ခြောက်တော၊ အထက်ရွက်ပြတ်ရော တောခြောက်၊ ဒီရေတော စသည်တို့ပါဝင်ပါသည်။

၁.၂ မြက်ခင်းပြင် ဂေဟစနစ် (Grassland Ecosystem) မြက်ခင်းပြင်ဂေဟစနစ်တွင် အပင်များသည် အများအားဖြင့် မြက်ခင်းများနှင့် ဟင်းသီးဟင်းရွက်များရှိနေတတ်ပြီး အပူပိုင်းမြက်ခင်းပြင်၊ ဆာဗားနားမြက်ခင်းပြင်များသည် မြက်ခင်းပြင်ဂေဟစနစ် အမျိုးအစားများ ဖြစ်ပါသည်။

၁.၃ စိမ့်မြေလွင်ပြင် ဂေဟစနစ် (Tundra Ecosystem) စိမ့်မြေလွင်ပြင် ဂေဟစနစ်များသည် သစ်ပင်များမရှိသဖြင့် အေးသောရာသီဥတုတွ င် သို့မဟုတ် မိုးရွာသွန်းမှုနည်းပါးသောနေရာတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေတတ်သည်။ အာတိတ် သို့မဟုတ် တောင်ထိပ်ရှိဂေဟစနစ်သည် စိမ့်မြေလွင်ပြင် ဂေဟစနစ် အမျိုးအစားဖြစ်ပါသည်။

၁.၄ သဲကန္တာရ ဂေဟစနစ် (Desert Ecosystem) သဲကန္တာရဒေသများသည် မိုးရွာသွန်းမှုအလွန်နည်းသောဒေသများ ဖြစ်သည်။ ဆာဟာရ သဲကန္တရ, ဂိုဘီ သဲကန္တရများသည် သဲကန္တရဂေဟစနစ်၏ ဥပမာအချို့ဖြစ်ပါသည်။ . ၂။ ရေနေဂေဟစနစ် (Aquatic Ecosystem) ရေနေဂေဟစနစ်များသည် ရေတစ်ခုထဲတွင် သက်ရှိသက်မဲ့များ စုစည်းတည်ရှိနေသော ဂေဟစနစ်များဖြစ်သည်။ ၎င်းတို့ကို နောက်ထပ်အမျိုးအစားနှစ်ခုသို့ ခွဲခြားနိုင်ပါသည်။

၂.၁ ရေချိုဂေဟစနစ် (Freshwater Ecosystem) ရေချိုဂေဟစနစ်သည် ဆားပါဝင်မှုမရှိသော အိုင်များ၊ ရေကန်များ၊ မြစ်များ၊ စမ်းချောင်းများနှင့် စိုစွတ်သောမြေများပါ၀င်သည်။

၂.၂ အဏ္ဏဝါဂေဟစနစ် (Marine Ecosystem) အဏ္ဏဝါဂေဟစနစ်တွင် ပင်လယ်နှင့်သမုဒ္ဒရာများ ပါဝင်သည်။ ၎င်းတို့တွင် ရေချိုဂေဟစနစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုသိသာထင်ရှားသော ဆားပါဝင်မှုများနှင့် ပိုမိုကောင်းမွန်သောဇီဝမျိုးစုံမျိုးကွဲများရှိတတ်သည်။ . "ဂေဟစနစ် ဝန်ဆောင်မှုများ" ဂေဟစနစ်၀န်ဆောင်မှုများသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအား သဘာဝကပေးသောအ ကျိုးကျေးဇူးများ ဖြစ်ပါသည်။ သဘာဝမှရရှိနေသော ဂေဟစနစ်ဝန်ဆောင်မှု (၄)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင်မှု (Provisioning Services) ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင်မှုမှ (၁) အစားအစာ၊ (၂) သစ်၊ သဘာ၀လောင်စာများနှင့် အမျှင်များကဲ့သို့ ကုန်ကြမ်းပစ္စည်းများ၊ (၃) ရေချိုအရင်းအမြစ်များ၊ (၄) မြက်ခင်းပြင် ဂေဟစနစ် အပင်မျိုးစုံနှင့် မှိုများမှ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ရရှိပါသည်။

၂။ ထိန်းညှိပေးခြင်း ဝန်ဆောင်မှုများ (Regulating Services) ထိန်းညှိပေးခြင်း ဝန်ဆောင်မှုများမှ (၁) ဒေသတွင်း ရာသီဥတု လေထုအရည်အသွေး ထိန်းညှိပေးခြင်း (သစ်တောများသည် ဒေသအလိုက် မိုးရွာသွန်းမှုနှင့် ရေရရှိမှုအပေါ် လွှမ်းမိုးမှုရှိပြီး အရိပ်ပေးခြင်း၊ အချို့အပင်များသည်လေထုညစ်ညမ်းမှုကို ဖယ်ရှားခြင်းဖြင့် လေထုအရည်အသွေးထိန်းညှိပေးခြင်း)၊ (၂) ကာဗွန်သိုလှောင်ပေးခြင်း (သစ်ပင်များနှင့်အပင်များသည် လေထုမှကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးခြင်း)၊ (၃) သဘာဝဘေးအန္တရာယ်များကို ထိန်းညှိပေးခြင်း (ဂေဟစနစ်အတွင်းရှိ သက်ရှိသက်မဲ့များသည် လူသားများအပေါ်ကျရောက်မည့် ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းများ၊ ဆူနာမီ၊ မြေပြိုမှုများနှင့်မိုးခေါင်မှုတို့မှ ပျက်စီးဆုံးရှုံးမှုများကို လျှော့ချပေးခြင်း)၊ (၄) ရေဆိုးသန့်စင်ပေးခြင်း နှင့် ရေစီးဆင်းမှု ထိန်းညှိပေးခြင်း (စိုစွတ်သောမြေများကဲ့သို့သော ဂေဟစနစ်များသည် သေးငယ်သောဇီဝသက်ရှိများ၏ ဇီဝဗေဒလုပ်ဆောင်မှုမှတဆင့် အညစ်အကြေးများကို ချေဖျက်စေပြီး အန္တရာယ်ရှိသောရောဂါပိုးများကို ဖယ်ရှားစေခြင်း)၊ (၅) မြေဆီလွှာတိုက်စားမှုကာကွယ်ခြင်းနှင့် မြေဆီ မြေသြဇာကြီးထွားမှုထိန်းသိမ်းခြင်း (မြေကြီးကို သစ်ပင်၊အသီးအရွက်များဖုံးအုပ်ထားခြင်းသည် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးပြီး နိုက်ထရိုဂျင်ကဲ့သို့သော သဘာဝဇီဝဖြစ်စဉ်များ မှတစ်ဆင့် မြေသြဇာကောင်းမွန်စေခြင်း)၊ (၆) ဝတ်မှုန်ကူးခြင်း (စိုက်ပျိုးရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော ဝတ်မှုန်ကူးခြင်းကို အင်းဆက်ပိုးမွှားများ ငှက်များနှင့် လင်းနို့အချို့ကအဓိကပံ့ပိုးပေးသော ဂေဟစနစ်ဝန်ဆောင်မှုတစ်ခုဖြစ်ခြင်း)၊ (၇) ဇီဝထိန်းချုပ်မှု (သားကောင်များနှင့်ကပ်ပါးကောင်များမှ ပိုးမွှားများနှင့်ရောဂါကျရောက်မှုအလားအလာများကို ထိန်းချုပ်ပေးခြင်း) စသည်တို့ကို လုပ်ဆောင်ပေးပါသည်။

၃။ ပံ့ပိုးမှု ဝန်ဆောင်မှုများ (Supporting Services) ပံ့ပိုးမှု ဝန်ဆောင်မှုများမှ (၁) မျိုးစိတ်များအတွက် နေထိုင်ရာနေရာပေးခြင်း (ဂေဟစနစ်များသည် အပင်များနှင့်တိရစ္ဆာန်များအတွက်နေထိုင်ရန် နေရာများပေးခြင်း)၊ (၂) မျိုးရိုးဗီဇ ကွဲပြားမှုကို ထိန်းသိမ်းပေးခြင်းများ လုပ်ဆောင်ပေးပါသည်။

၄။ ယဉ်ကျေးမှု ၀န်ဆောင်မှုများ (Cultural Services) ယဉ်ကျေးမှု ၀န်ဆောင်မှုများမှ (၁) သစ်ပင် ပန်းမာန်များမှ အပန်းဖြေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေခြင်း၊ (၂) ခရီးသွားဝန်ဆောင်မှု (ဤယဉ်ကျေးမှုဂေဟစနစ် ဝန်ဆောင်မှုသည် ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ်သူများအတွက် အကျိုးကျေးဇူးများနှင့် သဘာဝခရီးသွားဝန်ဆောင်မှုများအတွက် ၀င်ငွေအခွင့်အလမ်းများပေးခြင်း)၊ (၃) တိရစ္ဆာန်များ၊ အပင်များနှင့်ဂေဟစနစ်များသည် ယဉ်ကျေးမှု၊ အနုပညာနှင့် ဒီဇိုင်းအတွက် အလှအပတန်ဖိုးထားမှုကိုဖြစ်စေရန် လှုံ့ဆော်မှုပေးခြင်း စသည်တို့ကို ပံ့ပိုးပေးပါသည်။ . အချုပ်အားဖြင့်ဆိုရသော် ဂေဟစနစ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက်ရှိပြီး တစ်ခုပျက်စီးပါက ကျွန်ုပ်တို့ ယခု ရရှိနေသော ဝန်ဆောင်မှုများ ဟန်ချက်ညီညီ ဆက်လက်ရရှိနိုင်ရန် အလွန်ခက်ခဲလှပါသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံး နည်းလမ်းများကို ရွေးချယ်နေထိုင်ဖို့လိုအပ်ကြောင်း အသိပေးလိုပါသည်။

မေသရ မှ ပြုစုရေးသားသည်။

ကိုးကားကျမ်း - Ecosystem Services and Biodiversity (ESB)- FAO, Structure, Functions, and Types of Ecosystem - Byju's




460 views0 comments

Comments


bottom of page