top of page
Search

ဆောင်းရာသီတွင် အမှိုက်မီးရှို့ခြင်းများရှောင်ကျဥ်ပါ။

EHS Myanmar | 2.12.2021


ဒီဇင်ဘာလလဲရောက်လာပြီဆိုတော့ နှစ်စဥ် အသိပညာပေးမှုလုပ်နေကြအကြောင်းအရာတစ်ခုကို ထပ်မံပြောပြရမည့်အချိန်ရောက်လို့လာပြန်ပါပြီ။ ထိုအရာကတော့ ဆောင်းတွင်းရောက်လာလျှင် နိုင်ငံအနှံ့ အမှိုက်မီးရှို့သည့်

ကိစ္စရပ်များပိုမိုများပြားလာကြတော့မှာမို့လို့ပါ။ ဘာကြောင့်အမှိုက်တွေမီးမရှို့သင့်ကြောင်းကိုမပြောပြခင်၊ လေထုအလုပ်လုပ်ပုံကိုအရင်ရှင်းပြချင်မည်။


ဘာကြောင့် ဆောင်းလေက လေထုညစ်ညမ်းမှုပိုဖြစ်စေတာပါလဲ။


ပူနွေးသောလေသည် အစိုဓာတ်ပိုရတတ်ပါသည်။ အေးသောလေ သည် အစိုဓာတ်ကို များများစားစား မထိန်းထားနိုင်သောကြောင့် ဆောင်းရာသီတွင် လေသည် များသောအားဖြင့် ခြောက်သွေ့ပါသည်။

ပိုစိတ်ဝင်စားစရာကောင်းသည့်အချက်တစ်ခုမှာ မိုးရေသည် လေထုညစ်ညမ်းမှုဖြစ်စေနိုင်သည့် လေထုအမှုန်အမွှားအများအပြားကို ဖယ်ရှားပစ်နိုင်သည်။ မိုးသည် ရေကဲ့သို့ ပြုမူပြီး လေကို ကိုယ်တိုင်ဆေးကြောသည်။

ထို့ကြောင့် မိုးရွာသွန်းမှု နည်းပါးသော ဆောင်းရာသီတွင် လေကိုသဘာဝအတိုင်းသန့်စင်နိုင်ခြေနည်းပါးသည်။ ဤသန့်စင်မှုအာနိသင်မရှိဘဲ၊ ဆောင်းလေသည် လေထုညစ်ညမ်းမှုကိုပိုမိုဖြစ်ပေါ်စေလာသည်။

လေ၏ သဘောသဘာဝကိုလေ့လာကြည့်လျှင် နွေရာသီနှင့် ဆောင်းရာသီတွင် အေးမြခြောက်သွေ့သောလေထုသည် လေထုညစ်ညမ်းမှုပိုမိုဖြစ်စေနိုင်မည်ကို AQI ကိန်းဂဏန်းများအရ သင်တွေ့မြင်ရပါမည်။

ထို့ကြောင့် ဆောင်းရာသီရောက်သည့်အခါ လေထုညစ်ညမ်းမှုဖြစ်စေနိုင်မည့်ကိစ္စများ - ဥပမာ အမှိုက်မီးရှို့ခြင်း၊ စိုက်ပျိုးလယ်ယာမြေများတွင်မီးရှို့ခြင်း၊ မော်တော်ယာဥ်များအလွန်အကျွံသုံးစွဲလာခြင်းတို့ကိုတက်နိုင်သမျှ လျှော့ချကြရမည်ဖြစ်ပါသည်။


ဘာကြောင့်အမှိုက်မီးရှို့မှုမလုပ်သင့်တာပါလဲ။


အမှိုက်မီးရှို့ခြင်းသည် ရေရှည်လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ မီးရှို့စဉ်အတွင်း ထုတ်လွှတ်သော အဆိပ်သင့်ဓာတုပစ္စည်းများဖြစ်သည့် နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ Volatile Organic Compounds (VOC) နှင့် polycyclic organic matter (POMs) တို့ ထုတ်လုပ်သည်။

ပလပ်စတစ်အမှိုက်များ နှင့် စွန့်ပစ်သစ်သားများကို မီးရှို့ခြင်းဖြင့် Heavy Metal များနှင့် ဒိုင်အောက်ဇင် (Dioxin) ကဲ့သို့သော အဆိပ်သင့်ဓာတုငွေ့များ ကို ထုတ်လွှတ်သည်။

ထို့အပြင် ကင်ဆာဖြစ်စေနိုင်သော benzo(a)pyrene (BAP) and polyaromatic hydrocarbons (PAHs), တို့ကိုရှုရှိုက်မိစေနိုင်သည်။ ထို့ကြောင့်အမှိုက်မီးရှို့ခြင်းကြောင့် အမှိုက်မီးရှို့သူကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်တွင် ရှိသည့် အိမ်နီးချင်းများ၊ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ နှင့်ကလေးငယ်များ၏ ကျန်းမာရေးကိုပါ

များစွာထိခိုက်စေနိုင်ပါသည်။


ဆောင်းတွင်းတွင် အမှိုက်မီးရှို့ခြင်းများကိုရှောင်ကျဥ်ကြပါစို့။


နိုင်ကျော်လူ ရေးသားသည်။

----------------------------------------------------------------------------------

We are now on Telegram. Join us now.

EHS Myanmar Channel - https://t.me/ehsmyanmar




 
 
 

Comments


bottom of page