top of page
Search

မီးစက်များ နှင့် မီးခိုးငွေ့ (Exhaust Gas) အန္တရာယ်

EHS Myanmar | 24.03.22


မြန်မာနိုင်ငံကြက်ခြေနီအသင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၏ သတင်းထုတ်ပြန်ချက်အရ "မတ်လ (၁၈) ရက်နေ့ မြန်မာ့ဂုဏ်ရည်လမ်းရှိ Easy MART STORE ဆိုင်တွင်ဆိုင်ဝန်ထမ်း(၂)ယောက်သည်မီးခိုးမွန့်ပီးမူးမေ့လဲကျနေပါသဖြင့် ရှေးဦးသူနာပြုစုပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ကူညီ ပို့ဆောင်ပေးခဲ့ပါသည်" ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့လိုက်ရတော့ ခုလိုမီးပျက်များတဲ့ကာလမှာ မီးစက်များမှ မီးခိုငွေ့အန္တရာယ်အကြောင်း အသိပညာပေးဖို့လိုလာပြီလို့စာရေးသူထင်မိတဲ့အတွက် ရေးသားလိုက်ရပါတယ်။ ခုတလော ရန်ကုန်မြို့မှာ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုဖြစ်ပေါ်နေတဲ့အတွက် မီးစက်တွေသုံးလာရပါတယ်။ အထူးသဖြင့် Commercial Sectors တွေမှာ လုပ်ငန်းလည်ပတ်ဖို့အတွက် လျှပ်စစ်မီးကမဖြစ်မနေလိုအပ်တဲ့အတွက် မီးစက် (Generator) များကို မဖြစ်မနေအသုံးပြုလာရပါတော့တယ်။ ဒီလိုအသုံးပြုခြင်းကြောင့် အပေါ်ကဖြစ်ရပ်မျိုးလို သတိမထားမိလိုက်ပါက လူ့ကျန်းမာရေးတွေထိခိုက်ပြီး အသက်ပေးလိုက်ရသည့်အထိပါဖြစ်စေနိုင်ပါတယ်။ . Generator မီးစက်တွေက လောင်စာစွမ်းအင်အသုံးပြုရတဲ့အတွက် မီးခို Exhaust Gas များတွင် လေထုညစ်ညမ်းမှုဖြစ်စေနိုင်သည့် Pollutants များထွက်ပါတယ်။ အသံတိတ်လူသတ်သမားလို့ခေါ်တဲ့ Carbon Monoxide (CO) အဓိကပါရှိပါတယ်။ ဘာကြောင့်သူ့ကို အသံတိတ်လူသတ်သမားလို့ခေါ်လဲဆိုလျှင် သူ့မှာ အရောင်လဲမရှိသလို အနံ့လဲမရှိပါ။ အဲဒီတော့ ကာဗွန်မိုနောက်ဆိုဒ်ကိုရှုလို့ရှုမိမှန်းမသိဖြစ်တက်ပါတယ်။ အရမ်းကို အန္တရာယ်များတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်တဲ့အတွက် သတိထားသင့်ပါတယ်။ ဒါတင်မကသေး သဘာဝပတ်ဝန်းကျင် နှင့် လူ့ကျန်းမာရေးကို အန္တရာဖြစ်စေတဲ့ Hydrocarbons နဲ့ Nitrogen Oxide များလဲ မီးခိုငွေ့ထဲမှာပါရှိပါတယ်။ သက်တမ်းကြာတဲ့ မီးစက်မျိုးမှာဆို ဒီလိုဓာတ်ငွေ့တွေအများအပြားပါဝင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆို လုံးဝမသုံးသင့်တော့ပါဘူး။ . အဲဒီလို မီးခိုငွေ့တွေကြောင့် လူ့ကျန်းမာရေးကို ဘယ်လိုထိခိုက်လဲ။ မီးစက်များက ဒီဇယ်ဆီကိုအများဆုံးအသုံးပြုကြတဲ့အတွက် ဒီကထွက်လာတဲ့ မီးခိုငွေ့တွေကြောင့် တနည်းအားဖြင့် Diesel Exhaust Exposure တွေကြောင့် မျက်လုံးယားယံခြင်း၊ နှာခေါင်းယားယံခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုမမှန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် မူးမေ့လဲကျခြင်း (loss of conciousness) တွေဖြစ်ပေါ်စေပြီး ရေရှည်ကျန်းမာရေးထိခိုက်မှုအနေနဲ့ (Long-term Health Effects) အနေနဲ့ အဆုတ်ထိခိုက်ပျက်စီးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် နှလုံးရောဂါများဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မီးစက်များမှ မီးခိုးတွေကို တိုက်ရိုက်မရူမိစေဖို့ သုံးစွဲသူများအနေဖြင့် ကိုယ့်ဝန်ထမ်းများ၏ကျန်းမာရေးတင်မက၊ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူလူထု နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေရှိနိုင်ကြောင်းပါ သတိပြုရမှာဖြစ်ပါတယ်။ . ဒီလိုတွေမဖြစ်အောင် မီးစက်တွေကို ဘယ်လိုသုံးသင့်သလဲ။


၁။ Generator မီးစက်တွေကို ဘယ်သောအခါမှ အလုံပိတ်အခန်းတွင်း မထားသင့်ပါ။ ဥပမာ- အိမ်ခန်း၊ ဂိုဒေါင် တို့မှာလုံးဝမထားသင့်ပါဘူး။ အိမ်အတွင်း သို့ မီးခိုငွေ့တွေရောက်နိုင်တဲ့အတွက် ပြတင်းပေါက်တို့ တံခါးတို့ လေစုပ်စက်တို့ နားမှာလဲမထားသင့်ပါဘူး။


၂။ လေဝင်လေထွက်ကောင်းသည့် လေဟာပြင် (သို့မဟုတ်) အိမ်အပြင်၊ ဆိုင်အပြင် တို့မှာသာထားရှိအသုံးပြုသင့်ပါတယ်။


၃။ တက်နိုင်သမျှ မိမိအိမ် (သို့မဟုတ်) မိမိဆိုင်နေရာ နှင့် (၁၅) ပေ မှ ပေ (၂၀) အကွာတွင်သာ ထားရှိအသုံးပြုသင့်ပါတယ်။


၄။ အကယ်၍ မဖြစ်မနေ အလုံပိတ်အခန်းတွင်းမှာ သုံးရတော့မည်ဆိုလျှင်လဲ မီးစက်အတွက် သီးသန့် Exhaust Pipe ကို စနစ်တကျ ပြုလုပ်ပြီး မှသာ စွန့်ထုတ်သင့်ပါတယ်။


၅။ ဆူညံမှုကိုလျှော့ချနိုင်ဖို့အတွက် Silent Generator မျိုးကိုသာအသုံးပြုသင့်ပါတယ်။


ဒီလိုအချက်လေးတွေ သိထားပြီး သတိထားလိုက်နာကျင့်သုံးမယ်ဆိုလျှင် အပေါ်ကဖြစ်စဥ်မျိုးတွေ ရှောင်လွှဲလို့ရနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။


နိုင်ကျော်လူ ရေးသားသည်။

----------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar




 
 
 

Comments


bottom of page