top of page
Search

မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွက် အရေးကြီးတဲ့ထန်းပင်များ

Oct 8, 2021
1 min read

မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့အညာဒေသရဲ့ အပူဒဏ်ကို အံ့တုပြီး အလှဆင်ပေးနေတာကတော့ “ထန်း” ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကို ပို၍တိတိကျကျ နယ်နိမိတ် သတ်မှတ်ရမည်ဆိုလျှင် အပူပိုင်းမိုးနည်းရေရှားရာသီဥတုခံစားရသော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဒေသတို့ ပါဝင်ပြီး ၄င်း ဒေသများ၏ ရာသီဥတုနှင့် ဂေဟစနစ်မှာ ထန်းပင်များရှင်သန်ပေါက်ရောက်မှုအတွက် အလွန်သင့်တော်သောကြောင့် ဒေသ၏ဂေဟစနစ်နှင့် လိုက်လျောညီထွေးမှုအရှိဆုံး( Ecological Niche-based) အပင်များဟုသတ်မှတ်နိုင်ပါသည်။ Borassus Flabellifer ဟု ရုက္ခဗေဒအမည်ရသောထန်းပင်သည် အရှေ့တောင်အာရှတစ်ခုလုံးတွင် ပျံနှံပေါက်ရောက်လျှက်ရှိသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများတွင် အုံနှင့်ကျင်းနှင့် ပေါက်ရောက်လျက်ရှိသော ထန်းတောကြီးများကို ပိုမိုတွေ့မြင်နိုင်ပေသည်။ မြန်မာနိုင်ငံတွင်လည်း ပူပြင်းခြောက်သွေ့သောဒေသများတွင် ထန်းပင်များအစီအရီပေါက်ရောက်နေလျက်ရှိသည်။ကန္တာရဆန်သော ဒေသရှိ ဆူးပါသောအပင်များအလယ်တွင် မျက်စိတစ်ဆုံးကြည်နူးဖွယ်ကောင်းလောက်အောင် ထန်းတောများဝေစီနေကြသည်။ ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများ၏ အမှတ်သင်္ကေတမှာ အုန်းပင်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းမိုးခေါင်ရပ်ဝန်းဒေသ၏ အမှတ်သင်္ကေတမှာထန်းပင်ဖြစ်သည်။

.

ထန်းပင်သည်အလေ့ကျပေါက်ရောက်ပြီး လူတို့ကလည်းစိုက်ပျိုးကြသည်။ ထန်းပင်စိုက်ပျိုးရန်ထန်းသီးစေ့ကိုအသုံးပြုကြရသည်။ ထန်းသီးစေ့ကိုမှောက်၍စိုက်ပါက အဖိုပင်ရပြီး ပက်လက်လှန်စိုက်ပါက အမပင်ကိုရရှိသည်မှာလည်း ထူးခြားသော ထန်းပင်၏ သင်္ကေတတစ်ခုဖြစ်သည်။

ထန်းပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းဂေဟစနစ်အတွက် အရေးပါသောအပင်များဖြစ်သည်။ ထန်းပင်၏အမြစ်များသည် မြေအောက်အနက်ထဲမှ ရေကို စုပ်ယူနိုင်စွမ်းရှိပြီး ရေကိုလည်း သိုလှောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အမြစ်ပတ်ဝန်းကျင်မြေသားများကို အစိုဓာတ်ပေးကာ ထိန်းသိမ်းထားပြီး သဲမြေတိုက်စားပြုန်းတီးမှုများကိုလည်း ကာကွယ်ပေးထားသည်။ လေပြင်းများတိုက်ခတ်လျှင်လည်း လေတို့၏ အရှိန်အဟုန်ကိုယုတ်လျော့စေပါသေးသည်။ ပူပြင်းခြောက်သွေ့သော မိုးခေါင်ဒေသများတွင်ထန်းသာမရှိခဲ့လျှင် ထိုဒေသများကိုဖုန်းဆိုးမြေ သို့မဟုတ် ကန္တာရဆန်သော ဒေသအဖြစ်သတ်မှတ်ကြပေလိမ့်မည်။ နေဒဏ်ပြင်းသော အညာဒေသများတွင် အရိပ်အာဝါသထိုက်အလျောက်ရရှိစေရန် ထန်းတောကြီးများက လုပ်ဆောင်ပေးသည်။ မြေပြင်ပေါ်သို့စူးရှပြင်းထန်သောနေရောင်ခြည်တိုက်ရိုက်မကျရောက်စေရန် ထန်းပင်၊ ထန်းလက်များက ကာကွယ်ပေးထားကြသောကြောင့် ထန်းတောများ၏အောက်ခြေတစ်လျှောက်တွင် အလင်းပြောက်လေးများကို တွေ့ရနိုင်သည်။

.

ထို့ကြောင့် ကျွန်ုပ်တို့သည် ထန်းပင်များမှပေးသောဂေဟစနစ်ဝန်ဆောင်မှုကို မေ့ထား၍မရနိုင်ပါ။ ထန်းတောကြီးများပေါက်ရောက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းသည် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်နှင့်အတူ သဲကန္တာရဖြစ်ရန်အလားလာ များစွာရှိနေပါသည်။ ထိုသို့ပူပြင်း မိုးခေါင်သော အညာရာသီဥတုသည် ထန်းမှအပအခြားသောအပင်ကြီးများရှင်သန်ရန် ခက်ခဲပါသည်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ထန်းယဉ်ကျေးမှုနှင့် ထန်းစိုက်ပျိုးခြင်း အလေ့ထလျော့ပါးခဲ့ပြီး မြေအသုံးချမှု ပြောင်းလဲခြင်း (Land We Change) ကြောင့်လည်း ထန်းပင်များ နည်းပေါင်းစုံနှင့်ခုတ်လှဲခြင်းခံနေရပါသည်။ ထိုသို့ အညာဂေဟစနစ်နှင့် မိတ်ဖက်ဖြစ်သော ထန်းပင်များဆုံးရှုံးမှုသည်အညာဒေသကို ပိုမို မိုးခေါင်ပူပြင်းစေပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိပါက ဆိုးရွားသောအခြေနေတစ်ခုသို့ရောက်ရှိစေနိုင်ပါသည်။ ထန်းပင်များသည် မြန်မာနိုင်ငံအပူပိုင်းဒေသများအတွက် သဘာဝတရားကြီးက လက်ဆောင်ပေးထားပြီးသားဖြစ်ပြီး ကျွန်ုပ်တို့နောင်လာနောက်သားများအနေနှင့်လည်း ထိန်းသိန်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

.

နိဂုံးချုပ်ရသော်မြန်မာနိုင်ငံအလယ်ပိုင်းပူပြင်းခြောက်သွေ့တဲ့အညာဒေသ နှင့် ကမ္ဘာကြီးပူနွေးမှုဒဏ်ကိုလည်း ကြံကြံခိုင်ပြီး သဲကန္တာရမဖြစ်အောင် ကာကွယ်ပေးထားသော ထန်းတောကြီးများကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါရန် နောင်လာနောက်သားများကို တိုက်တွန်းလိုက်ပါရစေ။


ညနေကြယ် မှ ပြုစုရေးသားသည်။


ကိုးကားစာအုပ်-

ပဒေသာပင်ဘဝတွေထဲမှ ထန်းတောင်သူ့တဲ - ဒေဝီသန့်ဇင်


ယခု အောက်တိုဘာလ ၁၆ ရက်နေ့ မှာဖွင့်မည့် Environmental Sustainability Course Batch-1 အကြောင်းသိပြီးပြီလား https://www.facebook.com/ehsmyanmar/posts/409378353930254

---------------------------------------------------------------------

"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."




 
 
 

Comments


bottom of page