top of page
Search
myanmarehs

ရေဝေရေလဲဒေသများ ကို ထိတွေ့ခြင်း

EHS Myanmar | 15.10.21

ရေဝေရေလဲဒေသ (Watershed) ဆိုသည်မှာ ရေ၊ရေနှင့်အတူသယ်ဆောင်လာသော အနည်အနှစ်များ၊ အာဟာရများ(nutrients) နှင့် ဓာတုပါ၀င်ပစ္စည်းများကို ချောင်းနှင့် မြစ်များထဲသို့ စီးဆင်းစေနိုင်သည့် မြေမျက်နှာပြင်ဧရိယာတစ်ခု ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ကောင်းမွန်ကျန်းမာသည့် ရေဝေရေလဲများ၏ လက္ခဏာများဆိုသည်မှာ အဘယ်နည်း။ . ကောင်းမွန်ကျန်းမာသော ရေဝေရေလဲ၏လက္ခဏာများမှာ -

၁။ မျိုးရင်းရေနေသတ္တဝါများ ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ရန် ကောင်းမွန်လုံလောက်သော ရေအရည်အသွေးရှိခြင်း

၂။ Riparian corridor (မြစ် ၊ချောင်း အစရှိသည့်‌‌ ရေစပ်နားတွင်ပေါက်ရောက်နေတာအပင်အုပ်စု)သည် ဓမ္မတာ မျိုးဆက်ခြင်း(သဘာ၀အတိုင်း အပင်ငယ်များ ပြန်လည်‌ပေါက်ရောက်နိုင်ခြင်း)ကို ဆောင်ရွက်နိုင်သည့် အခြေအနေရှိခြင်း

၃။ အဓိက မျိုးရင်းအပင်နှင့် သတ္တဝါမျိုးစိတ်တို့သည် သင့်တော် သော အရေအတွက်တွင် အစဥ်တည်ရှိခြင်း

၄။ ကုန်းမြင့်ရှိသစ်တောနှင့် မြက်ခင်းပြင်တို့သည် မိုးရေ စိမ့်၀င်နိုင်မှု ကောင်းခြင်း၊ မျိုးရင်းတောရိုင်းတိရစ္ဆာန်များအတွက် ကောင်းမွန်သော ကျက်စားရာနေရာ ဖြစ်ခြင်း၊ မြေဆီလွှာတိုက်စားခြင်းကို လျော့ချနိုင်ခြင်း၊ ရေကိုသန့်ရှင်းစွာဖြင့် မြစ်ချောင်းများသို့ ပို့ဆောင်ပေးနိုင်ခြင်း စသည့် အချက်များ ပါ၀င်ပါသည်။ . အကျိုးကျေးဇူးများ -

ကောင်းမွန်ကျန်းမာသောရေဝေရေလဲဒေသများ၏ လုပ်ဆောင်ချက်တွေများကို ဂေဟဗေဒစနစ်ဖြင့်ကြည့်မည်ဆိုပါက ရေကို စစ်ထုတ်ပေးခြင်း၊ရေကြီးမှုကို ကာကွယ်ပေးခြင်း၊ကာဗွန်ကို သိုလှောင်ပေးခြင်း၊မြေဆီလွှာတိုက်စားမှုကို ထိန်းသိမ်းပေးခြင်း၊အစားအစာနှင့်သစ်များထောက်ပံပေးခြင်း ၊စိတ်အပန်းပြေစေခြင်း ၊တောရိုင်းတိရစ္ဆာန်များ တစ်နေရာမှတစ်နေရာ သွားလာ ဖြတ်သန်းရာတွင် နားခိုရာဖြစ်ခြင်း ၊ဒေသမျိုးရင်း အပင်များနှင့်တိရစ္ဆာန်များ၏ ကျက်စားရာဒေသအဖြစ်‌ထောက်ပံပေးခြင်း ၊ ဇီ၀ မျိုးစုံမျိုးကွဲများ တိုးပွားလာစေခြင်း ၊မျိုးရင်းမဟုတ်သော မျိုးစိတ်များ ကျူးကျော်မှုကို လျော့ချနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် တစ်ခြား သဘာ၀ဘေးအန္တာရယ် ၀င်ရောက်မှုကို တားဆီးပေးနိုင်ခြင်း တို့ဖြစ်ပါသည်။

စီးပွားရေး အရ ကြည့်မယ်ဆိုပါကလည်း ရေအရည်အသွေးကို သဘာ၀အတိုင်းထိန်းပေးနိုင်ခြင်းနှင့် အမှုန်အမွှားများကို သဘာ၀အတိုင်းစစ်ထုတ်နိုင်စွမ်းရှိသောကြောင့် သောက်ရေ အတွက် သန့်စင်ပြုပြင်မှု နှင့် အဆောက်အအုံအတွက် ကုန်ကျမှုကို လျော့ချနိုင်သည်။ ရေကြီးမှုကို ကာကွယ်ပေးနိုင်ခြင်းကြောင့် ရေကြီးမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုကုန်ကျစရိတ်များကို လျော့ချနိုင်သည်။ ကျန်းမာသော ရေဝေရေလဲဒေသများဖြစ်သည့်အလျောက် ငါးမျှားခြင်း၊လှေစီးခြင်း၊ရေကူးခြင်း၊တောင်တက်ခြင်း၊စက်ဘီးစီးခြင်း၊တောရိုင်းတိရစ္ဆာန်များ ကြည့်ရှုခြင်းများ လုပ်နိုင်သည့်အတွက် ဒေသခံများသည် အလုပ်အကိုင်အခွင့်အလမ်းရရှိစေနိုင်သည်။သဘာ၀ခရီးသွားလုပ်ငန်းကို လည်း ဖော်ဆောင်နိုင်သည်။ ထိုသို့ဆိုလျှင် ရေဝေရေလဲဒေသများပျက်စီးဆုံးရှုံးသွားပါက အထက်ပါ အကျိုးကျေးဇူးများကို ခံစားနိုင်ခွင့် ရှိတော့မည်မဟုတ်။ထို့ကြောင့် ဤရေဝေရေ‌လဲ ဒေသကို ထိန်းသိမ်းရန် လိုအပ်ပေသည်။ . ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများ -

ရေဝေရေလဲဒေသ ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများစွာရှိသော်လည်း လွယ်ကူစွာလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

၁။မိမိနေထိုင်ရာ ဒေသနှင့်ကိုက်ညီသည့် မျိုးရင်း အပင်များကို စိုက်ပျိုးပါ။တကယ်၍ ဖြစ်နိုင်ပါက မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ရန်အတွက် မြက်ပင်မှ စ၍ အပင်အမျိုးမျိုး ၊ ပျားနှင့်လိပ်ပြာများအတွက် ပန်းပင်များ၊ငှက်များနှင့် ကောင်းမွန်သန့်ရှင်းသော ရေစီးမှု ဖြစ်ပေါ်စေရန် အတွက်ချုံပင်ပုများနှင့် သစ်ပင်များကို စိုက်ပျိုးပါ။

၂။ရေမစိမ့်၀င်နိုင်သော မျက်နှာပြင်များ၊ ကွန်ကရစ်အပြည့်ခင်းခြင်းများကို လျော့ချပါ။‌ေရမစိမ့် ၀င်နိုင်ခြင်းကြောင့် ရေကြီး ရေလျှံမှုကို ဖြစ်စေနိုင်သည်။ရေစိမ့်၀င်နိုင်သည့် ကျောက်ခင်းခြင်းများ၊ ကြမ်းခင်းများကို အသုံးပြုပါ။မိုးရေကို ခံယူအသုံးပြုပါ။မိုးရေစီးဆင်းမှု နည်းကွေးစေမည့် နည်းလမ်းများကို အသုံးပြုပါ။

၃။အဆိပ်မဖြစ်စေသည့် အိမ်သုံးပစ္စည်းများ၊ဥယျာဉ်ခြံမြေသုံး ပစ္စည်းများကို အသုံးပြုပါ။ဆီနှင့် တိရစ္ဆာန် အညစ်အကြေးများကို ရေမြောင်းများ၊ မြစ်ချောင်းများသို့ စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ပါ။

၄။ မြေဆီလွာတိုက်စားမှုကို ပြုပြင်ရန် မျိုးရင်း အပင်များနှင့် ဆောင်ရွက်သည့် ဇီ၀နည်းပညာ နည်းလမ်းများ(biotechnology techniques)ကို အသုံးပြုပါ။ဥပမာ မြက်နှင့်နာနတ်ရိုင်းပင်များစနစ်တကျ စိုက်ပျိုးခြင်း တို့ဖြစ်သည်။

၅။ Riparian areas( မြစ်ချောင်းနားအနီးရှိ အပင်အစုအဝေးများရှိသော ဧရိယာ) များကို ကာကွယ်ထိန်းသိမ်းပါ။

အထက်ပါ အချက်များကို လိုက်နာဆောင်ရွက်ပြီး သန့်ရှင်းကောင်းမွန်သည့် ရေဝေရေလဲ စနစ်၏ ကောင်းကျိုးများကို ခံစားကြပါစို့။

မြေမှ ရေးသားပြုစုသည်။

ကိုးကားကျမ်းများ - Brooks, Kenneth N. HYDROLOGY AND THE MANAGEMENT OF WATERSHEDS. Fourth Edition ed., A John Wiley & Sons, Inc.,, 2013. “Creeks and Watersheds.” Marine Watershed Program, “Frequently Asked Questions (FAQs) - Watershed.” India water portal, “Healthy watershed Protection.” The United States Environmental Protection Agency, ------------------------------------------------------------------------------------------------------------- EHS Society Myanmar Join Now - https://www.facebook.com/groups/2777617122284679



1,449 views0 comments

Comments


bottom of page