top of page
Search
myanmarehs

ဝေဟင် မြေပြင် ရေပြင်ထက်မှ အဖိုးတန်ငှက်များ

EHS Myanmar | 8.11.2021

ကမ္ဘာပေါ်တွင် သာယာနာပျော်ဖွယ် ကျီကျီကျာကျာအသံများနှင့် အရောင်အသွေးစုံလင်စွာလှပသော အမွှေးအတောင်များကို ပိုင်ဆိုင်ထားသော ကျေးငှက်သာရကာလေးများသည် သဘာဝပတ်ဝန်းကျင်နှင့် လူသားများအတွက်သာမက ၎င်းတို့သည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ယင်းကျေးငှက်လေးများသည် မျိုးစေ့များ ဖြန့်ပေးပြီး အပင်များဝတ်မှုံကူးစေခြင်း၊ ပိုးမွှားများ သုတ်သင်ပေးခြင်း၊ အဆွေးအမြေ့များစားကာ ပတ်ဝန်းကျင်သန့်ရှင်းစေခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ကြိုတင်ညွှန်ပြပေးခြင်းတို့ကို လုပ်ဆောင်ပေးသည့်အပြင် ငှက်များကိုကြည့်ရှုလေ့လာခြင်း (Birdwatching)ကဲ့သို့သော လုပ်ဆောင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ သဘာဝခရီးသွားလုပ်ငန်းများ၊ ယဥ်ကျေးမှုအမွေအနှစ်များနှင့် လူသားတို့၏ စိတ်ကျန်းမာရေးကိုပါ အကောင်းလက္ခဏာဆောင်၍ မြှင့်တင်ပေးလျှက်ရှိပါသည်။ . ထိုကဲ့သို့ နိုင်ငံ၏ ရတနာတစ်ခုဖြစ်သော ကျေးငှက်လေးများသည် မြန်မာနိုင်ငံတွင် မျိုးစိတ်မည်မျှ ကျန်ရှိနေသေးသည်ကို လေ့လာကြည့်မည်ဆိုပါက- နိုင်ငံတကာငှက်များ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း (BirdLife International Data Zone) ၏ ၁၄ကြိမ်မြောက် ကောက်ယူထားသော စာရင်းအချက်အလက်များအရ - ကုန်းငှက်(Landbirds) မျိုးစိတ် ၈၇၂မျိုး၊ - ရေငှက် (Waterbirds) မျိုးစိတ် ၁၅၉မျိုး၊ - ပင်လယ်ငှက် (Seabirds) မျိုးစိတ် ၂၀မျိုး၊ - ရွှေ့ပြောင်းငှက် (Migratory birds) မျိုးစိတ် ၃၅၄မျိုး၊ - ဒေသရင်းငှက် (Country endemics) မျိုးစိတ် ၁၀မျိုး ရှိရာ ရွှေ့ပြောင်းငှက်မပါ ငှက်မျိုးစိတ်စုစုပေါင်း ၁၀၃၅မျိုး နေထိုင်ကျက်စားလျှက်ရှိပါသည်။ ထိုမျိုးစိတ်ပေါင်း ၁၀၃၅မျိုးထဲတွင် တစ်ကမ္ဘာလုံးရှာတွေ့ရန်ခက်ခဲသော မျိုးသုဉ်းခါနီးပါး (Globally Threatened) ငှက်မျိုးစိတ် ၆၀မျိုးကိုလည်း မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်ပြီး ဒေါင်းငှက်သည် မြန်မာနိုင်ငံ၏ အမျိုးသားငှက်ဖြစ်ပါသည်။ . မြန်မာနိုင်ငံအတွင်း ယင်းကျေးငှက်မျိုးစိတ်များ စုံလင်စွာ လေ့လာကြည့်ရှုနိုင်သော (Birdwatching) နေရာများ

၁။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရှမ်းတောင်တန်းဒေသရှိ အင်းလေးကန်သည် ငှက်များကို ကြည့်ရှုလေ့လာရန် ကောင်းသောနေရာတစ်ခုဖြစ်ပြီး အင်းလေးကန် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရှိသော ငှက်မျိုးစိတ်များစွာ၏ နားခိုရာနေအိမ်ဖြစ်ပါသည်။ အင်းလေးကန် ကမ်းနားတွင်ရှိသော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရှားပါးသော ကြိုးကြာခေါင်းနီ (sarus crane)၊ ဆက်ရက် (collared myna) ၊ ဖြူမဲငှက်ကြား (Jerdon's bushchat)၊ မယ်ညိုငှက် (purple swamphen)၊ ခရုစုတ်ညို (glossy ibis) နှင့် ကြေးဝါတောင်ပံကြာဖက်နင်းငှက် (bronze-winged jacana) ကဲ့သို့သော မျိုးစိတ်များ အပါအဝင် အခြားသော ငှက်မျိုးစိတ်ပေါင်း ၁၆၀ကျော် နေထိုင်ကျက်စားလျှက် ရှိပါသည်။ . ၂။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်သည် ယူနက်စကို၏ ဇီဝနယ်မြေ ဘေးမဲ့တော (Biosphere Reserve) အဖြစ်သတ်မှတ်ခြင်းခံရသော မြန်မာနိုင်ငံ၏ အကြီးဆုံးရေကန်ပတ်လည် ဝန်းရံနေသော သစ်တောဖြစ်ပြီး ငှက်များကို လေ့လာကြည့်ရှုရန် နေရာကောင်းတစ်ခုဖြစ်ပါသည်။ အင်းတော်ကြီးအိုင်တွင် မျိုးသုဥ်းခါနီးဖြစ်သော လင်းတကျောဖြူ (white-rumped vulture) နှင့် လင်းတနှုတ်ရှည် (slender-billed vulture) ငှက်မျိုးစိတ်ကို နှစ်ခုကို တွေ့နိုင်သည့်အပြင် တစ်ကမ္ဘာလုံးရှာတွေ့ရန်ခက်ခဲသော မျိုးသုဉ်းခါနီးပါး (Globally Threatened) ငှက်မျိုးစိတ် ၁၀မျိုးကိုလည်း တွေ့ရှိနိုင်ပါသည်။ . ၃။ မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပဲခူးမြို့တွင် တည်ရှိသော ဤဘေးမဲ့တောသည် ၁၈၉၆ခုနှစ်တွင် ရေလှောင်ကန်အဖြစ်စတင်တည်ထောင်ခဲ့ပြီး ထိုဘေးမဲ့တောတွင်းရှိ ဂေဟစနစ်ကောင်းမွန်သော စိုစွတ်သောမြေများသည် ငှက်များအတွက် ငှက်ဥယျာဉ်အဖြစ် အလိုအလျောက်ပြောင်းလဲလာခဲ့ပါသည်။ ရေငှက်မျိုးစိတ် ၄၂ ခုနှင့် ကမ်းခြေငှက်မျိုးစိတ် ၃၃ မျိုးကို မြင်တွေ့နိုင်ပြီး ငှက်မျိုးစိတ်ပေါင်း ၁၂၀ကျော် ကျက်စားနေထိုင်လျှက်ရှိပါသည်။ အောက်တိုဘာလနှင့် မတ်လကဲ့သို့သော လများအတွင်းတွင် ရွှေ့ပြောင်းရေငှက် အကောင်ရေ ၂၀,၀၀၀ကျော် နေထိုင်ကျက်စားရာ နေရာပင်ဖြစ်ပါသည်။ . ၄။ နတ်မတောင် အမျိုးသားဥယျာဉ် ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်၌ရှိသော ဇီဝသက်ရှိများ၏ တည်ရှိမှုများသည် တခြားဒေသတွင်ရှိသော တည်ရှိမှုများနှင့် မတူညီဘဲ တမူထူးခြားစွာကွဲပြားမှုများကြောင့် ယူနက်စကိုမှ "Outstanding Universal Value" ဟုသတ်မှတ်ခြင်း ခံရသော ဂုဏ်ယူစရာနေရာတစ်ခုပင် ဖြစ်ပါသည်။ မျက်ခုံးဖြူငှက်ပြာခြောက် (white-browed nuthatch) ကဲ့သို့သော နတ်မတောင် ဒေသရင်း ရှားပါးကျေးငှက်များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၂၈၀ကျော်ကို လေ့လာနိုင်သော နေရာတစ်ခုပင်ဖြစ်ပါသည်။ . ၅။ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းစွန်းကချင်ပြည်နယ်ရှိ ဟိမဝန္တာတောင်တန်းတွင် တောင်ပေါ်ငှက်များနှင့် ရေငှက်များအပါအဝင်ငှက်မျိုးစိတ်ပေါင်း ၃၁၀ ခန့် နေထိုင်ကျက်စားလျှက်ရှိသည်။ ဤနေရာတွင် နှုတ်သီးကောက်ငှက်(ibisbill)၊ ပိန်ညှင်းငှက် (Blyth's kingfisher)၊ ဇာမဏီငှက် (Blyth's tragopan) အစရှိသကဲ့သို့သော ထူးခြားဆန်းပြားသော ငှက်မျိုးစိတ်များကို လေ့လာတွေ့ရှိနိုင်ပါသည်။ . ၆။ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မကွေးတိုင်းအတွင်းရှိ ရွှေစက်တော် ဘေးမဲ့တောတွင် သိမ်းစာခေါင်းနီငှက်( White-rumped Falcon)၊ စာသိမ်းငှက် (Collared Falconet)၊ နဖားကြူး/အမြီးဝိုင်းငှက် (Hooded Treepie)၊ စာဖြူ/ဖိုးသူတော်ငှက် (Asian Paradise Flycatcher)၊ မြန်မာနိုင်ငံဒေသရင်း စွေ့ငှက် (White-throated Babbler) အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၄၀ကျော်ကို စူးစမ်းလေ့လာတွေ့ရှိနိုင်ပါသည်။ . ၇။ လှော်ကား တောရိုင်းတိရစ္ဆာန်ဥယျာဉ် ဤတိရစ္ဆာန်ဥယျာဥ်တွင် တောကြက် (jungle fowls)၊ ဗွတ်ဖင်နီငှက် (red-vented bulbuls)၊ စစ္စလီငှက် (lesser whistling ducks)၊ လင်းဝက် (black-crowned night herons)များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၁၆၀ကျော် ကျက်စားနေထိုင်လျှက် ရှိပါသည်။ . အချုပ်အားဖြင့်ဆိုရသော် ကျေးငှက်များသည် မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သောမြို့ကြီးများတွင် တွေ့နိုင်ရန်ရှားပါးလာပြီး အထက်ဖော်ပြပါနေရာများတွင်သာမျိုးစိတ်စုံလင်စွာ တွေ့ရှိနိုင်သေးသော်လည်း အမဲလိုက်ခြင်း၊ သစ်တောပြုန်းတီးခြင်းများနှင့် လူသားများပြောင်းရွှေ့နေထိုင်ခြင်းများသည် ငှက်မျိုးစိတ်များအတွက် အဓိကခြိမ်းခြောက်မှုများဖြစ်ကာ တစ်ချို့မျိုးစိတ်များဆိုလျှင် မျိုးသုဥ်းတော့မည့်အခြေအနေနှင့် ကြုံတွေ့နေရပါသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် အထက်ဖော်ပြပါနေရာများနှင့် ကျေးငှက်သာရကာများကို ပိုမိုထိန်းသိမ်းရန်လိုအပ်ပြီး ကျေးငှက်များဖမ်းဆီးရောင်းချခြင်းများ မပြုလုပ်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံး နည်းလမ်းများကို ရွေးချယ်နေထိုင်ဖို့လိုအပ်ကြောင်း အသိပေးလိုပါသည်။


မေသရ မှ ပြုစုရေးသားသည်။


ကိုးကား -Birdlife International Data Zone, A Bird-Watcher’s Guide to Myanmar




8 views0 comments

Comments


bottom of page