top of page
Search
myanmarehs

သန္တာကျောက်တန်းများနှင့် ဂေဟစနစ်ဆက်နွယ်မှုများ

EHS Myanmar | 16.1.2022


အရောင်အသွေးစုံလင်စွာလှပသော သန္တာကျောက်တန်း ဂေဟစနစ်သည် သမုဒ္ဒရာ ပင်လယ်ကြမ်းပြင် တစ်ခုလုံး၏ 0.2% အောက်နည်းသော ပမာဏသာတည်ရှိနေခြင်း ဖြစ်သော်လည်း သက်ရှိများအတွက် များစွာအကျိုးပြုလျက်ရှိပါသည်။ ထိုသန္တာကျောက်တန်းဂေဟစနစ်များသည် ကျွန်ုပ်တို့ လက်ရှိရှူရှိုက်လျက်ရှိသော အောက်ဆီဂျင် (Oxygen) 50-80%ကို ထုတ်လုပ်ပေးလျှက်ရှိသည့်အပြင်ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ အပျော်တန်းရေငုပ်ခြင်း scuba divingကဲ့သို့သော လုပ်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းများနှင့် ပင်လယ်ရေအောက် သက်ရှိများအတွက် နေထိုင်စရာနေရာဖန်တီးပေးခြင်း စသည်ဖြင့် များစွာအကျိုးပြုလျက်ရှိပါသည်။


ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း မြောက်မှတောင်သို့ ၂၈၀၀ ကီလိုမီတာကျော် ရှည်လျားသော ကမ်းရိုးတန်းကို ယေဘုယျအားဖြင့် ရခိုင်ကမ်းရိုးတန်း အထက်ပိုင်း၊ အလယ်ပိုင်း ဧရာဝတီကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း အောက်ပိုင်းဟူ၍ သုံးပိုင်း ပိုင်းခြားထားပါသည်။ ထိုအနက်မှ တနင်္သာရီကမ်းရိုးတန်းရှိ မြိတ်ကျွန်းစုသည် ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လှပသော သန္တာကျောက်တန်းများကြောင့် လူသိပိုများလျှက်ရှိပါသည်။အဏ္ဏဝါသိပ္ပံ၏ စစ်တမ်းအရ မြိတ်ကျွန်းစုတွင် သန္တာမျိုးစိတ် ၅၀၀ ကျော်ရှိကြောင်း မှတ်တမ်းတင်ထားပါသည်။ မကြာသေးမီက လေ့လာချက်များအရ မြန်မာနိုင်ငံတွင် သန္တာကျောက်တန်းများသည် ၅၆ ရာခိုင်နှုန်းကျော် ကျဆင်းလာကြောင်း သိရပါသည်။ (MONREC 2020)

.

သန္တာ‌ကျောက်တန်းများအတွက် ဒေသတွင်းခြိမ်းခြောက်မှုများ


သက်ရှိများအတွက် များစွာအကျိုးပြုလျက်ရှိသော သန္တာကျောက်တန်းများသည် အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ဒေသတွင်း ခြိမ်းခြောက်မှုများဖြစ်သော ပလတ်စတစ်ညစ်မှုများ (plastic pollution)၊ သန္တာကျောက်တန်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ တရားမ၀င်နည်းလမ်းများနှင့် ငါးအလွန်အကျွံဖမ်းခြင်း (ဒိုင်းနမိုက် သုံးဖောက်ခွဲ၍ဖမ်းခြင်း)ဖြင့် သွယ်ဝိုက်ထိခိုက်ခြင်း စသည်ဖြင့် ရင်ဆိုင်နေရပါသည်။

.

သန္တာကျောက်တန်းများအတွက် ဒေသတွင်းခြိမ်းခြောက်မှုများကို ကာကွယ်ရန် နည်းလမ်းများ


၁။ တာဝန်သိစွာ အလည်အပတ်ပြုလုပ်ကာ ရေငုပ်ခြင်း။

၂။ သန္တာကျောက်တန်းများအတွက် အန္တာရာယ်မရှိသော နေကာခရင်မ်များ (suncreams) အသုံးပြုခြင်း။

၃။ သန္တာလက်ဆောင်ပစ္စည်းများကို ရောင်းဝယ်ခြင်းမှ ရှောင်ကြဥ်ခြင်း။

၄။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပြီး ပြန်လည်အသုံးပြုခြင်း။

၅။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းပြုလုပ်ခြင်းများဖြင့် ကာကွယ်နိုင်ပါသည်။

.

သန္တာ‌ကျောက်တန်းများအတွက် က‌မ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ


သန္တာကျောက်တန်းများသည် ဒေသတွင်းခြိမ်းခြောက်မှုများအပြင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်သော Climate Changeဟုခေါ်သော ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်သမုဒ္ဒရာရေများ ပူနွေးလာကာ သန္တာကျောက်တန်းများတွင်ရှိသော အစာချက်လုပ်ပေးသော zooxanthellae ဟုခေါ်သည့် ရေညှိများ အဖယ်ခံလိုက်ရခြင်းသည် သန္တာကျောက်တန်းများ၏ အစာချက်လုပ်မှုကိုရပ်တန့်စေပြီး အာဟာရလျော့နည်းကာ သန္တာကျောက်တန်းအရောင်ကျွတ်ခြင်း (Coral Bleaching)ကို ဖြစ်စေပြီး အဓိကသေဆုံးမှုဖြစ်စေသော အချက်ဖြစ်ပါသည်။

.

သန္တာကျောက်တန်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် နည်းလမ်းများ


ထိုကဲ့သို့ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းကို ပြန်လည်‌ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ လူသားများအနေဖြင့် ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်းစေရန်

၁။ အသားလျော့စားခြင်း။

၂။ စွမ်းအင်ချွေတာသုံးစွဲခြင်း။

၃။ အများသုံးယာဉ်အသုံးပြုခြင်း။

၄။ ဒေသထွက် ထုတ်ကုန်များကို ပိုမိုဝယ်ယူသုံးစွဲခြင်း စသည်ဖြင့် ကာဗွန်ထုတ်လုပ်မှုများကို လျော့ချခြင်းများ ပြုလုပ်နိုင်ပါသည်။

.

ထို့အပြင် သဘာဝတရားမှ သဘာဝတရားသို့ ပြန်လည်ကူညီနိုင်သော ကျွန်ုပ်တို့ သတိမပြုမိသော နောက်တစ်ချက်မှာ ငှက်မစင်များသည် သန္တာကျောက်တန်းများအတွက် လိုအပ်သော အာဟာရများ ပေးစွမ်းနိုင်သည်ကို တွေ့ရှိရသည်။ ငှက်မစင်သည် အာဟာရဓာတ်ကြွယ်ဝ၍ သန္တာကျောက်တန်းဂေဟစနစ်၏ အခြေခံဖြစ်သော zooxanthellae ခေါ် ရေညှိပင်များအတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ကဲ့သို့သော အဓိကဒြပ်စင်များကို ပေးနိုင်စွမ်းရှိသည်။ အဘယ်ကြောင့်ဆိုသော်ပင်လယ်ငှက်များ၏ အူလမ်းကြောင်းရှိ အဏုဇီဝပစ္စည်းများသည် ရေညှိများ ကြီးထွားမှုကို ဖြစ်‌စေနိုင်သည်ဟု သုတေသီများကဖော်ပြထားပြီး လူလုပ်ဓာတ်မြေသြဇာများနှင့် မတူညီစွာ သန္တာကျောက်တန်းများကို သဘာဝနိုက်ထရိုဂျင်နှင့် ဖော့စဖရပ်စ်ကို အချိုးအဆညီမျှစွာ အကောင်းဆုံး ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

.

အိန္ဒိယသမုဒ္ဒရာရှိ Chagos ကျွန်းစုရှိ ကျွန်းဆယ်ခုကို Cassandra Benkwitt ဦးဆောင်သော သိပ္ပံပညာရှင်များ လေ့လာရာတွင် ပင်လယ်ငှက်များနေထိုင်သည့် ကျွန်းများအနီးတစ်ဝိုက်ရှိ သန္တာကျောက်တန်းများသည် ပင်လယ်ငှက်များမရှိသော သန္တာကျောက်တန်းများထက် အရောင်အသွေးစုံလင်လှပကာ ကျန်းမာသော ပင်လယ်ရေမှော်များနှင့် ငါးမျိုးစိတ်များများပြားပြည့်နှက်နေသည်ကို တွေ့ရှိရသည်။ အဆိုပါ ပင်လယ်ရေမှော်များသည် သန္တာကျောက်တန်းများ၏ အာဟာရရရှိရေးကို ကူညီပေးပြီး ကျန်းမာသော သန္တာကျောက်တန်းဂေဟစနစ်ကို ညွှန်ပြလျှက်ရှိပါသည်။

.

သို့သော် သန္တာကျောက်တန်းများအတွက် အဖိုးတန်သော ပင်လယ်ငှက်များသည် လူသားများ၏ တရားမဝင်၊ မတရား ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ပင်လယ်ငှက်ဥများသည် ကြွက်များ၏ဖမ်းဆီးစားသောက်မှုခံရခြင်း စသည်တို့ကြောင့် ပင်လယ်ငှက်ကောင်ရေမှာ ကျဆင်းလျှက်ရှိပါသည်။ ပင်လယ်ငှက်ကောင်ရေကျလာသည်နှင့်အမျှ သန္တာကျောက်တန်းများသည်လည်း သွယ်ဝိုက်သောနည်းလမ်းဖြင့် ပျောက်ကွယ်လာကြရပါသည်။ ယခုအချိန်မှစ၍ ထိန်းသိမ်းကာကွယ်မှု မပြုလုပ်လျှင် 2050ခုနှစ်ရောက်သောအခါ လက်ရှိ သန္တာကျောက်တန်းများ၏ 90% ခန့်သည် ဆုံးရှူံး နိုင်ဖွယ်ရှိသည်ဟူ၍ ပညာရှင်များက ခန့်မှန်းထားကြပါသည်။

.

သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် သန္တာကျောက်တန်းများ ရေရှည်တည်တံ့ရေးအတွက် အထက်ပါဖော်ပြထားသော ဆောင်ရန်ရှောင်ရန်များကို အတတ်နိုင်ဆုံး ပြုလုပ်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။


မေသရမှ ပြုစုရေးသားသည်။


ကိုးကားကျမ်း- Myanmar ICRI Forum, Threats to coral reef-USEAP, Every birdie poops: How birds could be helping coral reefs in a changing climate




309 views0 comments

Comments


bottom of page