top of page
Search
myanmarehs

အင်တာနက်၏ မမြင်နိုင်သော သဘာဝပတ်ဝန်းကျင်ပေါ်သက်ရောက်မှုအကျိုးဆက်များ //အပိုင်း (၁)

EHS Myanmar | 13.10.21

.

ယခုလက်ရှိတွင် ကမ္ဘာပေါ်၌ အင်တာနက် (Internet) အသုံးပြုသူပေါင်း သန်းလေးထောင် (over 4 billion) ကျော်ရှိပါသည်။ စာဖတ်သူတို့ အနေဖြင့် အင်တာနက်အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တို့အပေါ် ထိခိုက်မှုရှိနိုင်သညဟုထင်မြင်မိပါသလား။ သို့မဟုတ် စာဖတ်သူတို့ နေ့စဥ်အသုံးပြုနေတဲ့ အင်တာနက်က environmental-friendly ဖြစ်သည်ဟုထင်မြင်မိပါသလား။ ထို့ကြောင့်အင်တာနက်၏ မမြင်နိုင်သော သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှု အကျိုးဆက်များ (Hidden cost of the Internet) အကြောင်း ကို အခန်းဆက်ရေးသားတင်ဆက်ပေးသွားပါမည်။

.

Internet ဆိုသည်မှာ -

Internet ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကွန်ပျူတာများ၊ ဖုန်းများစတဲ့ Information and Communication Technology (ICT) နဲ့ သက်ဆိုင်သော အိလက်ထရွန်နစ်ကိရိယာများကို (Electronic Device) ဝိုင်ယာကြိုး (Wired) များဖြင့်ချိတ်ဆက်ထား၍ဖြစ်စေ၊ ဝိုင်ယာလက် (Wireless) နည်းဖြင့်ဖြစ်စေ သတင်းအချက်အလက်များ (Information) ကို ဖလှယ်နိုင်ရန်သော်လည်းကောင်း၊ အချင်းအချင်းဆက်သွယ်နိုင်ရန်‌ (Communication) သော်လည်းကောင်း ကမ္ဘာတစ်ဝန်းချိတ်ဆက်ထားသော ကွန်ယက်များကိုခေါ်ပါသည်။

.

Internet ကို တီထွင်သူပညာရှင်တစ်ယောက်အနေနဲ့ သမိုင်းမှာ မရှိခဲ့ပါ။ နှစ်ပေါင်းများစွာ ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်ပေါင်းများစွာမှ စမ်းသပ်၊ တီထွင်ခဲ့၍သာ Internet ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အစပိုင်းမှာဆိုလျှင်ဖြင့် Internet ကို အစိုးရပိုင်းဆိုင်ရာအတွက်သာ အသုံးပြုခဲ့ပါသည်။ သို့်ပေမဲ့ ၁၉၉၀ ခုနှစ်အစောပိုင်းတွင် Tim Berners-Lee ဆိုတဲ့ ကွန်ပျူတာသိပ္ပံပညာရှင်မှ The World Wide Web (WWW) ကို စတင်တီထွင်လိုက်မှသာလျှင် ဒီ Internet ဟာ ပုံမှန်လူအများအကြား ရေပန်းစားလာရခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ နည်းပညာကုမ္ပဏီကြီးများ၊ နိုင်ငံတကာအစိုးရများ စသည့်အဖွဲ့အစည်းများ၏ ရင်းနှီးမြုတ်နှံမှုကနေတဆင့် ယခုလက်ရှိ ၂၁ ရာစုအတွင်း မှာ Internet ဆိုတာသည် နိုင်တကာရှိ အရေးကြီးသောဏ္ဍများ အားလုံးအတွက်သာမက၊ လူသားများအားလုံးအတွက်ပါ အသက်တမျှ အရေးကြီးလှစွာသော အရာတစ်ခုဖြစ်လာပြီဖြစ်ပါသည်။

.

Internet က ဘယ်လိုအလုပ်လုပ်သလဲ

အပေါ်စာပိုဒ်မှာရေးခဲ့သည့်အတိုင်း Internet ဆိုသည်မှာ ကမ္ဘာတစ်ဝန်းရှိ အီလက်ထရွန်နစ်ကိရိယာ (Electronic Device) များ တစ်ခုနှင့် တစ်ခုချိတ်ဆက်၍ သတင်းအချက်အလက်များကို ဖလှယ်နိုင်ရန်နှင့် ဆယ်သွယ်နိုင်ရန်ချိတ်ဆက်ထားသော ကွန်ရက်ကြီးဖြစ်ပါသည်။ ဥပမာ Email ပို့နိုင်ရန်သော်လည်းကောင်း၊ Social Media အသုံးပြုရန်သော်လည်းကောင်း၊ အပန်းဖြေနိုင်ရန် YouTube သို့မဟုတ် Netflix တို့တွင် Video များ၊ ရုပ်ရှင်များကြည့်နိုင်ရန်သော်လည်းကောင်း Internet သို့ချိတ်ဆက်ထားပြီး ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာကနေ သို့မဟုတ် ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာစီကို သတင်းအချက်အလက်များကို အဆက်မပြတ်စီးဆင်းစေပါတယ်။

သတင်းအချက်အလက်များဟုပြောရာတွင် ကိုယ့်ဖုန်း၊ ကွန်ပျူတာအတွင်းရှိ သိုလောင်ထားသော Binary Code (1,0,1,0) များကိုဆိုလိုပါတယ်။ ဥပမာအနေဖြင့် ကိုယ့်ဖုန်းထဲမှာရှိသော ဓာတ်ပုံများ၊ Video များသည် ကိုယ့်မျက်လုံးထဲတွင် ရုပ်ပြများအဖြစ်တွေမြင်နိုင်သော်လည်း ထိုဖုန်းထဲတွင် သတင်းအချက်အလက်များ (Information - 1,0,1,0) အဖြစ် သိုလောင်ထားခြင်းဖြစ်ပါသည်။ ထိုသတင်းအချက်အလက်များကို ပို့ဆောင်ရာတွင်လည်း Binary Code ၈ လုံးအား အထုပ်တစ်ခုထုပ်၍ ပို့ဆောင်ပါသည်။ ထို Binary Code ၈ လုံးအထုပ်တစ်ထုပ်မှာ ၁ ဘိုဒ် (1 Byte) ဖြစ်ပါသည်။ ထို့ကြောင့် ၁ ကီလိုဘိုဒ် (1 Kilo Byte) စာရှိသော သတင်းအချက်များကို ဖလှယ်ပါက ထိုအထုပ်ပေါင်း ၈၀၀၀ ကျော်နည်းပါးဖလှယ်ရပါသည်။ ထို့ကြောင့် လူများပြောသည့် Internet မြန်နှုန်းသည် တစ်စက္ကန့်အတွင်း ဖလှယ်နိုင်သော သတင်းအချက်အလက် ပမာဏပေါ်မှာမူတည်ပါသည်။ တစ်စက္ကန့်အတွင်း သတင်းအချက်အလက်များ ပို၍ဖလှယ်နိုင်လေ Internet ပို၍မြန်လေဖြစ်ပါသည်။ ထို့သို့သော သတင်းအချက်အလက်များကို ဖလှယ်ရာတွင်လည်း Internet Protocol (IP) Address ကို အသုံးပြုရပါသည်။ IP Address ဆိုသည်မှာ အလွယ်ကူဆုံးပြောရပါက ကိုယ့်၏ အိမ်လိပ်စာကဲ့သို့်ဖြစ်ပါသည်။ သတင်းအချက်အလက်များကို တစ်နေရာနှင့် တစ်နေရာဖလှယ်ရာတွင် ဘယ်ကွန်ပျူတာမှ ဘယ်ကွန်ပျူတာသို့ပို့ဆောင်သည်၊ လက်ခံရရှိသည်ကို သိနိုင်ရန် IP Address လိုအပ်ပါသည်။

.

Internet နဲ့ ချိတ်ဆက်ခြင်း (Wired)

ထိုသိို့ သတင်းအချက်အလက်များကို ဖလှယ်နိုင်ရန်အလို့ငှာ ဝိုင်ယာများဖြင့် ချိတ်ဆက်ထား၍သော်လည်းကောင်း (Wired)၊ ဝိုင်ယာလက်နည်း (Wireless) ဖြင့်သော်လည်းကောင်း လုပ်ဆောင်နိုင်ပါသည်။ အခြေခံအကျဆုံးအနေဖြင့် ဝိုင်ယာနည်းဖြင့် သတင်းအချက်အလက်သယ်ဆောင်ခြင်းကိုကြည့်မည်ဆိုပါက ကိုယ့်ကွန်ပျူတာကနေတဆင့် အခြားလူတစ်ယောက်၏ ကွန်ပျူတာသို့ သတင်းအချက်အလက်တစ်ခု ဖလှယ်ချင်ပါက ကြားထဲတွင် ဝိုင်ယာကြိုးတစ်ခုဖြစ်သည့် Ethernet Cable တစ်ခုလိုအပ်ပါသည်။ ထိုနည်းတူ ကိုယ့်ရဲ့ဖုန်းမှ ကွန်ပျူတာသို့ သတင်းအချက်အလက်များဖလှယ်ပါကလည်း Ethernet Cable ကဲ့သို့ပင် ကြားထဲတွင် USB Cable ကြိုးတပ်ဆင်ထားရပါသည်။ Ethernet Cable နဲ့ USB Cable တို့ရဲ့ ကွဲပြားချက်ကတော့ သူတို့ရဲ့ တစ်စက္ကန့်အတွင်း သတင်းအချက်အလက်ပို့ဆောင်နိုင်သော မြန်နှုန်းပေါ်မှာပဲမူတည်ပါသည်။ ထို့အပြင် USB Cable က သတင်းအချက်အလက်အပြင် အီလက်ထရွန်နစ်ကိရိယာတစ်ခု စွမ်းအင်ရနိုင်ရန် အားသွင်း (Charging) ပေးနိုင်ပါသည်။

.

ထိုသို့ သတင်းအချက်အလက်ပို့‌ဆောင်နည်းမှာ ကိရိယာနှစ်ခုတည်းကြားတွင်ဘဲ အဆင်ပြေနိုင်သော်လည်း ကိရိယာနှစ်ခုထက်ပိုလာပါက အဆင်ပြေနိုင်တော့မည်မဟုတ်ချေ။ ထိုကြောင့် Router ဟူသော ကြားခံနယ်ကွန်ပျူတာတစ်ခုပေါ်ပေါက်လာပါသည်။ Router ဆိုသည်မှာ ဝိုင်ယာနည်းဖြင့်ဖြစ်စေ၊ ဝိုင်ယာလက်နည်းဖြင့်ဖြစ်စေ ချိတ်ဆက်ထားသော ကိရိယာများ၏ သတင်းအချက်အလက်များဖလှယ်ခြင်းကို စီမံခန့်ခွဲသည့် စက်ပစ္စည်းတစ်ခုဖြစ်သည်။ ထို Router မှတစ်ဆင့် ကိုယ့်အိမ်အတွင်းရှိ ကိရိယာများကို ချိတ်ဆက်ထားနိုင်ပါသည်။ ထိုသို့တစ်‌နေရာထဲတွင် စုပေါင်း၍ချိတ်ဆက်ထားခြင်းကို ကွန်ရက်တစ်ခု (Network) အဖြစ်သတ်မှတ်နိုင်ပါသည်။ သို့ပေမဲ့ ဒါဟာ Internet ထက် Intranet လို့သာခေါ်နိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ရဲ့ ကွန်ယက်အတွင်းထဲမှာပင် သတင်းအချက်အလက်များကို ဖလှယ်နေလို့ပင်ဖြစ်ပါသည်။ ထို Router တစ်ခု၏ စွမ်းဆောင်ရည်နှင့် ပေါ်မူတည်၍ ချိတ်ဆက်ထားနိုင်သည့် ကိရိယာအရေအတွက်လည်း ကွဲပြားသွားနိုင်ပါသည်။ ဥပမာ ထို Router မှ နောက်ဆုံးပေါ်အသစ်ဖြစ်၍ တစ်စက္ကန့်အတွင်း သတင်းအချက်အလက်ပေါင်း ၁၀၀ မက်ဂါဘိုဒ် (100 Mbps) လောက်ပို့ဆောင်နိုင်ပါက ကိရိယာ ၁၀ ခုလောက်ချိတ်ဆက်ထားနိုင်ပါသည်။ သို့ပေမဲ့လည်း အိမ်တွင်းသုံး Router များသည် ချိတ်ဆက်ထားနိုင်သည့် ကိရိယာအရေအတွက် အကန့်အသက်ရှိနိုင်ပါသေးသည်။


ဆက်ပါဦးမည်…


Hector မှရေးသားမျှဝေသည်။


ကိုးကားကျမ်း -

- Internet | Description, History, Uses and Facts | Britannica

- Who Invented the Internet? | HISTORY

- How doe the Internet work? | Developer Mozilla

- How does the Internet work? (Infographic) | HP

- How IP Addresses work on Google? | Google

- Difference between Ethernet and USB | Askanydifference

- Internet Service Provider (ISP) | Facts and Definition | Britannica

- Difference between WLAN and WWAN | Differencebetween.Net



8 views0 comments

Comments


bottom of page