top of page
Search
myanmarehs

အင်တာနက်၏ မမြင်နိုင်သော သဘာဝပတ်ဝန်းကျင်ပေါ်သက်ရောက်မှုအကျိုးဆက်များ //အပိုင်း (၂)

EHS Myanmar | 13.10.21


(ယခင်အပတ်မှအဆက်)


ပြီးခဲ့သည့်အပတ်ကဆွေးနွေးခဲ့သလိုပါပဲ သတင်းအချက်အလက်ပို့ဆောင်နည်းမှာ ကိုယ့်အနီးအနား မှာရှိသည့် ကိရိယာများဖြင့် ချိတ်ဆက်နိုင်ခြင်းဘဲဖြစ်ပါသည်။ သို့ပေမဲ့ ယခုခေတ်ကဲ့သို့ ဝေးကွာလှတဲ့ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သတင်းအချက်အလက်များကို မည်ကဲ့သို့ပို့ဆောင်မည်နည်း။ သို့မဟုတ် တစ်ကမ္ဘာလုံးအတိုင်းအတာရှိ သန်း‌ပေါင်းများစွာသော ကွန်ပျူတာများကို မည်သို့ချိတ်ဆက်မည်နည်း။ သို့မဟုတ် ကိုယ်ချိတ်ဆက်ထားတဲ့ ကွန်ရက် (Network) နဲ့ အခြားကွန်ရက် (Network) တွေကို မည်သို့ချိတ်ဆက်မည်နည်း။ ထိုအခါတွင် ကိုယ့်အိမ်ရှိ Router တစ်ခုထဲနဲ့ပင်မရတော့ချေ။ ထိုအခါ ထို့ကဲ့သို့ချိတ်ဆက်နိုင်ရန် Internet Service Provider (ISP) ၏ အခန်းဏ္ဍပါဝင်လာပြီဖြစ်ပါသည်။ Internet Service Provider (ISP) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုအတွက်သော်လည်းကောင်း၊ ရွာတစ်ရွာအတွက်သော်လည်းကောင်း၊ မြို့တစ်မြို့အတွက်သော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံလုံးအတွက်သော်လည်းကောင်း လူအများ Internet အသုံးပြုနိုင်ရန်အတွက်၊ သတင်းအချက်အလက်များ တစ်နေရာနှင့်တစ်နေရာ ပို့ဆောင်၊ လက်ခံနိုင်ရန်သော်လည်းကောင်း၊ တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်နိုင်ရန်သော်လည်းကောင်း ဆက်သွယ်ရေးမြေအောက်ကြိုးများ (Landline) နှင့် Cell Tower များကို အသုံးပြု၍ ချိတ်ဆက်ထား‌ပေးပြီး ဝန်ဆောင်မှုနေသော စီးပွားဖြစ်ဆက်သွယ်‌ရေးကုမ္ပဏီများ၊ လုပ်ငန်းများကိုဆိုလိုပါသည်။

.

သတင်းအချက်အလက်များ ပို့ဆောင်နိုင်ရန်ကိုယ့်အိမ်၏ Router မှတဆင့် Modem သို့ချိတ်ဆက်၍ ဝိုင်ယာကြိုးများဖြင့် ISP သို့ရောက်ရှိပါသည် ISP များသည် ကိုယ့်ချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုမှ အဝေးရှိ အခြားသူ၏ကွန်ရက်သို့ ကြားတွင် ချိတ်ဆက်ထားပေးခြင်းဖြင့် သတင်းအချက်အလက်များကို အလွယ်တကူပို့‌ဆောင်နိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်းများပြု‌ပေးပါသည်။ ထိုအချိန်တွင် ကိုယ့်ရဲ့ကွန်ယက်ဖြင့် အခြားသူ၏ကွန်ယက်များအားလုံး ချိတ်ဆက်ထားတော့မှသာလျှင် Internet အသုံးပြုသည်ဟု ခေါ်ဆိုနိုင်ပေသည်။ ဥပမာတစ်ခုအနေနဲ့ မိမိ၏အိမ်တွင် ယခုလက်ရှိ Fiber Optic WiFi ကိုအသုံးပြုနေပါက ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ၊ တီဗီကနေတဆင့် WiFi Router ဆီသို့ ဝိုင်ယာကြိုးဖြင့်သော်လည်းကောင်း၊ ဝိုင်ယာလက်နည်းဖြင့်သော်လည်းကောင်း ချိတ်ဆက်၍ ထို Router မှာတဆင့် Modem ဆီသို့ ဖိုက်ဘာကေဘယ် (Fiber Cable) ဖြင့် ချိတ်ဆက်ထားကာ Modem ကနေတဆင့် ISP ရဲ့ အကူအညီဖြင့် Internet ကိုချိတ်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုအခါ Internet မြန်နှုန်းသည် ချိတ်ဆက်ထားသော ကေဘယ်ကြိုးအတွင်းရှိ ဖိုက်ဘာကြိုး၏ သတင်းအချက်အလက် ပို့ဆောင်၊ လက်ခံနိုင်မှုအပေါ်မူတည်ပါသည်။ ထိုကေဘယ်ကြိုးအတွင်း ဖိုက်ဘာကြိုးပို၍များလေ Internet ပိုမြန်လေဖြစ်ပါသည်။ Fiber Optic WiFi မှာ Wireless WiFi မဟုတ်ပေ။

.

Internet နှင့် ချိတ်ဆက်ခြင်း (Wireless) ->


ယခုခေတ်နောက်ပိုင်းတွင် နည်းပညာများတိုးတက်လာမှုကြောင့် Internet အသုံးပြုရာတွင် ဝိုင်ယာကြိုးများဖြင့် ချိတ်ဆက်မနေတော့ဘဲ ဝိုင်ယာလက်နည်းများဖြင့် အသုံးပြုလာကြပါသည်။ ကျွန်ုပ်တို့ အခုလက်ရှိအသုံးပြုနေသော Cellular Data Internet သည်ပင်လျှင် အမြင်သာဆုံးသော ဥပမာဖြစ်ပါသည်။ ဝိုင်ယာလက်နည်းပညာ‌တွင် သတင်းအချက်အလက်များကို ဖလှယ်နိုင်ရန်အလို့ငှာ ကိုယ့်ရဲ့ဖုန်းမှ ရေဒီယိုတာဝါတိုင် (Cellular Tower) များသို့ ဝိုင်ယာကြိုးများကိုအသုံးမပြုဘဲ ရေဒီယိုလှိုင်း (Radio Wave) များကို အသုံးပြု၍ တိုက်ရိုက်ချိတ်ဆက်ထားပါသည်။ သို့သော် ထိုကဲ့သို့ မိမိ၏ဖုန်းမှာ ဝိုင်ယာလက်နည်းဖြင့် ရေဒီယိုတာဝါများသို့ သတင်းအချက်အလက်များဖလှယ်ရာတွင် အပေါ်မှာပြောခဲ့သည့် ဝိုင်ယာနည်းအတိုင်း Modem တစ်ခုလိုပေသည်။ ထို Modem မှာ ကိုယ့်ဖုန်းထဲရှိ Subscriber Identification Model လို့ခေါ်တဲ့ SIM Card ပဲဖြစ်ပါသည်။ ကိုယ့်ဖုန်းထဲရှိ Mobile Data ဆိုသည့် ခလုပ်ကိုနှိပ်လိုက်ပါက ဖုန်းထဲမှာရှိသော သတင်းအချက်အလက်များကို ကိုယ့်ရဲ့ SIM Card ကနေတဆင့် ရေဒီယိုတာဝါသို့ရောက်စေပြီး Internet အသုံးပြုလို့ရနိုင်ပါသည်။ သို့ပေမဲ့ ကိုယ့်ဖုန်းမဟုတ်သည့် ကွန်ပျူတာ၊ တီဗီတို့သည် Wireless WiFi အပြင် ထို Cellular Data Internet အား ဘယ်လိုအသုံးပြုမည်နည်း။ ထိုအခါတွင် ISP များမှရောင်းချနေသည့် Wireless Broadband များမှတဆင့် အသုံးပြုလို့ရနိုင်ပါသည်။ ထို Wireless Broadband များထဲတွင် SIM Card တစ်ခုထည့်၍ Internet ကို အသုံးပြုနိုင်ပါသည်။ တစ်နည်းအားဖြင့်ပြောပါက Wireless Broadband သည် Cellular Data Internet နှင့်အတူတူပင်ဖြစ်သည်။

.

ဝိုင်ယာလက်နည်းဖြင့် Internet ကိုချိတ်တက်ပြီး သုံးပါကာ ဆိုးကျိူးတစ်ခုအနေနဲ့ ကိရိယာများ ပို၍ချိတ်ဆက်လေ သတင်းအချက်အလက်ဖလှယ်နေသော ရေဒီယိုလှိုင်းများ တစ်ခုနဲ့တစ်ခု ဝင်ရောက်နှောင့်ယှက်နိုင်သဖြင့် Internet လိုင်း မတည်မငြိမ်ဖြစ်နိုင်ပါသည်း။ အထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းနေသောအချိန်တွင် Internet လိုင်းပို၍မတည်မငြိမ်ဖြစ်တတ်ပါသည်။ ဝိုင်ယာကြိုးနည်းတွင်မူ ဝိုင်ယာကြိုးများဖြင့် ချိတ်ဆက်ထားသည့်အတွက်ကြောင့် Internet လိုင်းမငြိမ်မှာ စိတ်ပူစရာမလိုချေ။ ကောင်းကျိုးလည်းရှိပါသည်။ အပေါ်မှာပြောခဲ့သည့်အတိုင်း Internet ဆိုသည်မှာ မိမိ၏ကွန်ယက်မှာ အခြားသူတို့ကွန်ယက်သို့ သတင်းအချက်များ ဖလှယ်နိုင်ရန်နှင့် ဆက်သွယ်နိုင်ရန်အလို့ငှာ ဝိုင်ယာနည်းဖြင့်သော်လည်းကောင်း၊ ဝိုင်ယာလက်နည်းဖြင့်သော်လည်းကောင်း ချိတ်ဆက်ထားခြင်းဟုခေါ်ပါတယ်။ ထိုအခါ ထိုသို့ကွန်ယက်များကိုချိတ်ဆက်ရာတွက် အကျယ်အဝန်းပေါိလိုက်၍လည်း ချိတ်ဆက်သောနည်းလမ်းများကွဲပြားနိုင်ပါသည်။ ဥပမာအနေဖြင့် WiFi သည် Fiber Optic ပဲဖြစ်စေ၊ Wireless WiFi ပဲဖြစ်စေ သူ၏ ကွန်ယက်ဖန်တီးနိုင်မှုမှာ ကျဉ်းမြောင်းသည်။ Fiber Optic WiFi ဆိုပါက ကိုယ့်ရဲ့ဒေသအတွင်းပဲ ကွန်ယက်တစ်ခုကို ဖန်တီးနိုင်သည့်အတွက်ကြောင့် Local Area Network (LAN) ဖြင့် Internet ကိုချိတ်ဆက်ထားပါသည်။ Wireless WiFi ဆိုပါကလည်း Wireless Local Area Network (WLAN) ဖြင့်ချိတ်ဆက်ထားပါသည်။ သို့ပေမဲ့ Wireless Broadband တို့၊ Cellular Data Internet တို့မှာတော့ WiFi ထက်ပို၍ ကျယ်ပြောသော ကွန်ယက်များကို ဖန်တီးနိုင်သည့်အတွက်ကြောင့် Wireless Wide Area Network (WWAN) ဖြင့် Internet ကိုချိတ်ဆက်ထားပါသည်။

.

ထိုသို့ Internet သို့ ဝိုင်ယာလက်နည်းဖြင့်ချိတ်ဆက်ထားပါက Internet မြန်နှုန်းသည် ရေဒီယိုလှိုင်း၏ လှိုင်းအလျား (Wave Length) ပေါ်မှာမူတည်ပါသည်။ လှိုင်းအလျားပို၍တိုလေ သတင်းအချက်အလက်ပို၍ပို့ဆောင်နိုင်လေ Internet ပိုမြန်လေဖြစ်ပါသည်။ ယခုအခါ ကြားနေရသည့် Third Generation (3G), Fourth Generation (4G), Fifth Generation (5G) ဆိုသည်မှာ လှိုင်းအလျားများပြောင်းလဲသွားခြင်းဖြစ်သည်။ ယခုနောက်ဆုံးပေါ် 5G သည် လှိုင်းအလျားအတိုဆုံးဖြစ်၍ သတင်းအချက်အလက်များ တစ်စက္ကန့်ကို ၂၀ ဂစ်ဂါဘိုဒ် (20 Giga Bytes) အထိ ဖလှယ်နိုင်ပါသည်။ သို့ပေမဲ့ ထို 5G သည် လှိုင်းအလျားမှာ တိုလွန်းသည့်အတွက်ကြောင့် သူ၏ ရေဒီယိုလှိုင်းမှာ ပို၍ဝေးဝေးမရောက်နိုင်ချေ။ ထို့ကြောင့် သူ့ကိုချိတ်ဆက်နိုင်ရန် ရေဒီယိုတာဝါများ ပို၍တည်ဆောက်ရမည်ဖြစ်သည်။

.

Google နှင့် Facebook တို့ကိုအသုံးပြုခြင်း ->


ယခုအခါတွင် Internet အသုံးပြုရာတွင် ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးအမျိုးဖြင့် အသုံးပြုကြပါသည်။ ထိုသို့အသုံးပြုရာတွင် Google နှင့် Social Media တစ်ခုဖြစ်သည့် Facebook တို့ကို အနည်းနှင့်အများ အသုံးပြုဖူးမည်ဖြစ်ပါသည်။ Google ဆိုသည်မှာ Internet ပေါ်မှာ လိုအပ်သော Information များကို ရှာဖွေနိုင်ရန်နှင့် ရယူနိုင်ရန်အတွက် ဝန်‌ဆောင်မှုပေးသော ၁၉၉၈ တွက်တည်ထောင်ခဲ့သော အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ Facebook ဆိုသည်မှာလည်း 2004 ခုနစ်တွင် Mark Zuckerberg မှတည်ထောင်ခဲ့သော အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ Google နှင့်ပတ်သက်သော ဝန်ဆောင်မှုများဖြစ်သည့် Google Search Engine, Gmail, YouTube, Playstore, Google Drive, Chrome Browser အစရှိသည်တို့ကို အသုံးမပြုဖူးမရှိသလောက်ဖြစ်ပါသည်။ Facebook တွင် Facebook, Messenger, Instagram, WhatsApp, Occulus VR အစရှိသည်တို့ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ Google နဲ့ အသုံးပြုသူအရေအတွက် သန်း ၄၀၀၀ ကျော်ဖြစ်ပါသည်။ ထို့အပြင် Facebook အသုံးပြုအရေအတွက်မှာလည်း သန်း ၁၀၀၀ ကျော်ရှိပါသည်။ ထိုနည်းတူ ကမ္ဘာပေါ်ရှိ Internet အသုံးပြုသူများသည်လည်း သန်း ၄၀၀၀ ကျော်ရှိသည့်အတွက် Internet ကို အသုံးပြုသူတိုင်းသည် Google နဲ့ Facebook တို့ကို အသုံးပြုဖူးမှာဖြစ်ပါတယ်။ ထို့အပြင် Google သည် ကမ္ဘာအကြီးဆုံးဖုန်း Operation System (OS) တစ်ခုဖြစ်သည့် Android ကိုလည်းပိုင်ဆိုင်သည့်အတွက်ကြောင့် Android ဖုန်း အသုံးပြုတိုင်း Google နဲ့မစိမ်းတာအသေအချာပင်ဖြစ်ပါသည်။ ထိုကြောင့် Internet နဲ့ Google၊ Facebook တို့ကို ဘယ်လိုချိတ်ဆက်ထားသနည်း။ အပေါ်မှာ ပြောခဲ့သည့်အတိုင်း Internet ဆိုသည်မှာ ကွန်ယက်တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသော အရာတစ်ခုဖြစ်သည့်အတွက်ကြောင့် ISP ၏ အကူအညီဖြင့် ကိုယ်နဲ့အနီးဆုံးရှိ Google ၏ ကွန်ယက်နဲ့ Facebook ကွန်ယက်တို့ကိုလည်း ချိတ်ဆက်ထားခြင့်ဖြင့် Google နှင့် Facebook ၏ များလှစွာသောသတင်းအချက်အလက်များကိုရယူနိုင်ခြင်း၊ ပို့ဆောင်နိုင်ခြင်းပါသည်။ ထိုသို့သော သတင်းအချက်အလက်များသည်လည်း တကယ့်အပြင်ပိုင်းပစ္စည်းများကဲ့သို့ပင် သိုလှောင်နိုင်ရန် နေရာတစ်ခုလိုအပ်ပေသည်။ ထိုမှသာလျှင် သတင်းအချက်အလက်များကို တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာဖလှယ်နိုင်မှာဖြစ်ပါသည်။ ထိုသို့သိုလှောင်ရာတွင် Google နဲ့ Facebook တို့သည် သတင်းအချက်အလက်များသိုလှောင်ရုံ (Data Center) လို့ခေါ်တဲ့ စက်ရုံများတွင် သတင်းအချက်အလက်သိုလှောင်စက်များ (Database Server) ဖြင့် သိုလှောင်ထားခြင်းဖြစ်ပါသည်။ ထိုသို့သော သိုလှောင်စက်များမှတဆင့် လက်ခံရကှိသော သတင်းအချက်အလက်များကို စီမံခန့်ခွဲခြင်း၊ ပို့ဆောင်ခြင်းလုပ်ငန်းများကို မရပ်မနားစက္ကန့်တိုင်း လုပ်ဆောင်နေတာဖြစ်ပါသည်။ ထိုအခါမြင်သာအောင်ပြောရပါ Google Search Engine တွင် ကိုယ်သိချင်သော အကြောင်းအရာတစ်ခုကို ရှာကြည့်လိုက်ပါက Google ၏ သတင်းအချက်အလက်သိုလှောင်ရုံကနေတဆင့် ကိုယ့်ကိရိယာထဲသို့ သတင်းအချက်အလက်များရယူခြင်းဖြစ်ပြီးတော့ Facebook ပေါ်တွင် သူများမြင်နိုင်စေရန် ဓာတ်ပုံတစ်ပုံတင်လိုက်ပါက Facebook ၏ ကိုယ့်ကိရိယာမှတစ်ဆင့် သတင်းအချက်သိုလှောင်ရုံသို့ သတင်းအချက်အလက်များပို့ဆောင်လိုက်ခြင်းဖြစ်ပါသည်။

.

အကျဉ်းချုပ်ပြောရမည်ဆိုပါက ->


အကျဉ်းချုပ်ပြောရမယ်ဆိုလျှင် Internet ဆိုသည်မှာ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်နှင့် ဆက်သွယ်နိုင်ရန် ကွန်ယက်တစ်ခုနဲ့ တစ်ခုချိတ်ဆက်ထားသော ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ ထိုသို့ချိတ်ဆက်နိုင်ရန်အတွက်လည်း Cellular Data Internet ဖြင့်သော်လည်းကောင်း၊ Wireless Broadband နည်းရသော်လည်းကောင်း၊ Fiber Optic သို့မဟုတ် Wireless WiFi နည်းရသော်လည်းကောင်း ISP ၏ အကူအညီဖြင့်ချိတ်ဆက်နိုင်ပါတယ်။ ထိုသို့သော နည်းပညာများတိုးတက်လာမှုကြောင့်ပင် ကမ္ဘာကြီးဟာရွာကြီးကဲ့သို့ပင်ဖြစ်လာပြီဖြစ်ပါသည်။ သို့ပေမဲ့ အခြားသောအရာများကဲ့သို့ပင် သူ့မှာလည်း ကောင်းကျိုးနဲ့ ဆိုကျိုး ဒွန်တွဲလျက်ရှိပါသည်။

ဆက်ပါဦးမည်…။


Hector မှပြုစုရေးသားသည်။


ကိုးကားကျမ်း


- Internet | Description, History, Uses and Facts | Britannica

- Who Invented the Internet? | HISTORY

- How dose the Internet work? | Developer Mozilla

- How does the Internet work? (Infographic) | HP

- How IP Addresses work on Google? | Google

- Difference between Ethernet and USB | Askanydifference

- Internet Service Provider (ISP) | Facts and Definition | Britannica

- Difference between WLAN and WWAN | Differencebetween.Net

===================================


EHS Myanmar မှရေးသားသော သဘာဝပတ်ဝန်းကျင်ဆောင်းပါးများကို မပြတ်ဖတ်နိုင်ဖို့ အခုပဲ Telegram Channel ကို join လိုက်ပါ။ https://t.me/ehsmyanmar




11 views0 comments

Comentarios


bottom of page